သတင်း

ဖားကန့် KTV ကို ဝင်ဖမ်းသည့် စစ်ကောင်စီတပ် ပြန်အတိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာရှိ KTV ခန်းမတစ်ခုအနီးသို့ ယမန်နေ့ (အောက်တိုဘာ ၃) တွင် စစ်ကောင်စီတပ် ရောက်လာသဖြင့် မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (KPDF) က ပြောသည်။

အဆိုပါ KTV ခန်းမအတွင်း ကျင်းပနေသည့် မွေးနေ့ပွဲသို့ KPDF တပ်ဖွဲ့ဝင်များ ရောက်နေကြောင်း သတင်းရဟန်တူသည့် စစ်ကောင်စီက မွန်းတည့် ၁၂ နာရီခန့်တွင် ဝင်ရောက်စီးနင်းရန် ကြိုးစားခဲ့ကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီကောင်တွေ (စစ်တပ်) လာဝိုင်းတာကို ကျွန်တော့်လူတွေက တွေ့လိုက်လို့ ကျွန်တော်က လူတွေ ထပ်ခေါ်ပြီး သွားတိုက်တာပေါ့၊ အဲဒီ KTV အနီးဝန်းကျင်နားမှာပဲ ဖြစ်တာ၊ သူတို့က တချို့ ကားတွေနဲ့ ဆက်ပြေးပြီး၊ ဘီးမှန်သွားတဲ့ နှစ်စီးကတော့ ကျွန်တော်တို့ ရလိုက်တယ်” ဟု အဆိုပါ KPDF အဖွဲ့ဝင်က ပြောသည်။

ထိုတိုက်ပွဲမှ စစ်ကောင်စီ၏ ကား ၂ စီးအပြင် ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်ပါ ရခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း ၎င်းတို့ ထိခိုက်ကျဆုံးမှုမရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်တွင်သာ ထိခိုက်ကြောင်း အဆိုပါ KPDF အဖွဲ့ဝင် အမျိုးသားက ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသည့် Myanmar National Post ၏ လူမှုကွန်ရက်စာမျက်နှာများတွင်မူ စစ်တပ်က မွေးနေ့ပွဲတစ်ခုရှိသည့် အဆိုပါ KTV သို့ သွားရောက်စဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်၊ စစ်တပ်က သတင်းမထုတ်ပြန်သေးဟု ရေးသားသည်။

ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ကျောင်းသားနှင့် အရပ်သားများ ကြောက်လန့်တကြား ထွက်ပြေးနေကြသည်ကို Facebook ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် စာသင်ကျောင်းနှင့် နီးကပ်သည်ဟု ဒေသခံများက ဆိုပြီး ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကျောင်းတွင် ကလေးများ ရှိနေသည်ဟုလည်း သိရသည်။

သေနတ်သံများကြောင့် ကျောင်းသားများ ထွက်ပြေးကြသည်ကို ဒေသခံများ ရိုက်ကူးထားသည့်ရုပ်သံမှ တွေ့ရသည့် မြင်ကွင်းတစ်ခု။

တိုက်ပွဲကြောင့် ဆိုင်းတောင်ရွာအတွင်းရှိ နေအိမ်တချို့ ကျည်ထိမှန်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။ ဒေသခံတို့ ရိုက်ကူးထားသည့် ရုပ်သံတွင်လည်း လူနေအိမ်များအတွင်း မီးခိုးလုံးကြီးများ တက်လာသည်ကို တွေ့ခဲ့ရသည်။

ညနေ ၆ နာရီခန့်တွင် ဆိုင်းတောင်ရွာအတွင်း ဝင်ရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်က အရပ်သား အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့တွင်းဘက်သို့ သွားသည့် ကားတစ်စီးကို အရပ်ဝတ်နှင့် စစ်ကောင်စီတပ်ဖွဲ့များက ဟန့်တားစဉ် ရပ်တန့်ခြင်းမပြုသဖြင့် ပစ်ခတ်ရာမှ အသက် (၄၀) အရွယ် ကိုအောင်ဇင်ဖြိုးဆိုသူ သေဆုံးကြောင်း အသက် (၄၀) ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် ကိုအောင်ဇင်ဖြိုး (ဓာတ်ပုံ – ပေးပို့)

ကျောက်စိမ်းလုပ်ငန်းကြောင့် ကမ္ဘာကျော်သည့် ဖားကန့်တွင် အနယ်အနယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူ အများအပြားရှိရာ ဆိုင်းတောင်ရွာသည်လည်း လူနေထူထပ်သည့် နေရာတစ်ခုဖြစ်သည်။

အာဏာသိမ်းတပ်ကို ခုခံတော်လှန်နေသည့် KPDF သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အကူအညီများ ရရှိပြီး ပူးတွဲ စစ်ဆင်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်က ဖားကန့်မြို့ရှိ ရဲကင်းစခန်းတစ်ခုနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ကို KIA, KPDF တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် KIA တပ်များ ထိန်းချုပ်လှုပ်ရှားရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်လာခဲ့သည်။

ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အချို့မြို့နယ်များ၌ပင် KIA တပ်များက တော်လှန်ရေးတပ်များဘက်မှ ကူညီတိုက်ခိုက်မှုများရှိနေချိန်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က ဌာနချုပ် လိုင်ဇာကို ပြန်လည်ဖိအားပေးနိုင်ရန် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ရွာအနီးသို့  ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ စစ်အင်အား ၁၀၀၀ ခန့် ပို့ဆောင်ပြီး ထိုးစစ်ဆင်နေသည်။

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် ပြည်မမှ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIA ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသလို စစ်ကောင်စီတပ်ကလည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ပိုမိုဆင်နွှဲနိုင်ရန် ကြိုးစားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button