သတင်း

ဖယ်ခုံတွင် ဓားပြတိုက်မှု များလာ၊ ရဲတစ်ဦးလည်း ဓားပြဖြစ်နေ

ရှမ်းနှင့် ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ဓားပြမှုများ ခပ်စိပ်စိပ်ဖြစ်လာပြီး မြို့ခံရဲစခန်းမှ ရဲကပါ ဓားပြတိုက်သဖြင့် မြို့ခံများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့၌ ဓားပြမှု သုံးခုထက်မနည်း ဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်နေ့က မြို့ပေါ်ရှိ မြတ်စေတနာအိမ်ဆောက်ပစ္စည်းဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြတိုက်သူတို့က ထိုဆိုင်မှ ငွေကျပ် ၁၀ သိန်း ယူဆောင်သွားကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။

အဆိုပါ ဓားပြမှာ ဖယ်ခုံမြို့မရဲစခန်းမှ ရဲတပ်ကြပ်မျိုးမင်းအောင်ဖြစ်သည်ဟု ဆိုသည်။

ဓားပြတိုက်ချိန်တွင် မျက်နှာကို ဖုံးအုပ်မထားသည့်အပြင် ယခင်ကလည်း ဆိုင်တွင်းဈေးဝယ်ဖူးရာ ဆိုင်ရှင်က မှတ်မိနေကြောင်း၊ ရဲစခန်းကို သွားရောက်တိုင်တန်းချိန်တွင် အဆိုပါရဲက တိုက်ရာပါ ငွေကြေး ရေတွက်နေသည်ကို တွေ့ခဲ့ကြောင်း အကြောင်းစုံသိသည့် မြို့ခံက ဆိုသည်။

အဆိုပါရဲက ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်မှ ငှားလာသည့် ဆိုင်ကယ်ဖြင့် ဓားပြတိုက်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း မြို့ခံကဆိုသည်။

“တိုင်ချက်မဖွင့်ရင် နောက်ဒီထက်အတင့်ရဲလာရင် ဒီထက်ပိုဆိုးလာမှာ။ ပြီးတော့ အဖြူအမဲ သဲကွဲသွားတယ်။ မဟုတ်ရင် ယုန်ထင်ကြောင်ထင်ဖြစ်နေအုန်းမှာ” ဟု အထက်ပါ မြို့ခံက ဆိုသည်။

ဖယ်ခုံရဲစခန်းက ထိုရဲကို ပြန်လည်ဖမ်းဆီးလိုက်ပြီး ၎င်းဓားပြတိုက်ယူသွားသည့် ငွေကြေးကိုလည်း လာရောက်တိုင်ကြားသူထံ ပြန်ပေးခဲ့ကြောင်း သိရသည်။

 အမှုအခြေအနေ သိနိုင်ရန် Myanmar Now က ဖယ်ခုံစစ်ကောင်စီရဲစခန်းထံ ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ဖယ်ခုံမြို့နယ် တည်နေရာပြမြေပုံ။

အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြမတိုက်ခံရမီ ရက်ပိုင်းကလည်း မြို့အထွက် ဖယ်ခုံ-မိုးဗြဲလမ်းမကြီးပေါ်ရှိ နေမင်းသစ်ဆီဆိုင်လည်း ဓားပြတိုက်ခံရပြီး ငွေကြေးမည်မျှပါသွားသည်ကို မသိရကြောင်း မြို့ခံအချို့က ဆိုသည်။

ထို့ပြင် ဖယ်ခုံမြို့နယ် တောင်ဘက် ခေါင်းမိုင်းထက်နှင့် ထင်းရှူးကုန်းကျေးရွာအကြား လမ်းပေါ်တွင်လည်း ခရီးသည်များ ဓားပြတိုက်ခံနေရကြောင်း ဖယ်ခုံမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကားတွေလာလို့ရှိရင် သူက တားတယ်ပေါ့။ ရပ်ပေးလို့ရှိရင် ဓားနဲ့ ထောက်ပြီး ပိုက်ဆံတောင်းတယ်တဲ့။ (ဓားပြက) တစ်ယောက်တည်းလား အဖွဲ့လိုက်လားတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

ညဘက်မှောင်လျှင် မသွားလာရဲကြတော့သည့် ဒေသခံတို့မှာ ကိုယ်ပိုင် ဆိုင်ကယ်၊ ကားလည်း အသုံးမပြုရဲသဖြင့် ထိုလမ်းကို လိုင်းကားများဖြင့်သာ သွားလာနေရကြောင်း ၎င်းကဆိုသည်။

မြို့ခံအများစုမှာ ညနေ ငါးနာရီကျော်လျှင် အပြင်မထွက်ရဲတော့သည်အထိ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက ဆင်းရဲတဲ့လူတွေလည်း မငတ်ဖို့ စိုးရိမ်ရသလို ချမ်းသာတဲ့လူတွေလည်း ဓားပြအတိုက်မခံရဖို့ စိုးရိမ်နေရတယ်” ဟု ဖယ်ခုံဒေသခံ စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာကို ၂၀၂၂ မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၄ နာရီကျော်သာ ခရီးဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း တည်ရှိသည့် ဖယ်ခုံမြို့နယ်သည် ကယား (ကရင်နီ) ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာတချို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button