စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်သားများက အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ တစ်ဦး၏ ရုပ်အလောင်းကို ဓားဖြင့် အပိုင်းပိုင်းခုတ်ထစ်ထားခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့သတင်းရင်းမြစ်များက ပြောသည်။
ရုပ်အလောင်းများကို စက်တင်ဘာ ၃၀ နှင့် ယနေ့ (အောက်တိုဘာ ၂) တို့တွင် ကာကွယ်ရေးအဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
Myanmar Now က ကြည့်ရှုခဲ့သည် ဓာတ်ပုံများ၌ လက်တီးရွာမှ အသက် ၄၀ အရွယ် ကိုနိုင်လင်း၏ ဦးခေါင်းမဲ့ ရုပ်အလောင်းတွင် ညာဘက်လက်နှင့် ခြေနှစ်ဖက် ဒူးဆစ်အောက်မှစ၍ ဖြတ်တောက်ခံထားရသည်။
စက်တင်ဘာ ၃၀ တွင် ဒီပဲယင်းမြို့မှ အင်အား ရာဂဏန်းဝန်းကျင်ဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ လက်တီးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိုရွာကို ဝင်ရောက် စီးနင်းခဲ့စဉ် ကိုနိုင်လင်းနှင့် အခြားနှစ်ဦး ဖမ်းဆီးခံရသည်။
ကိုနိုင်လင်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည်ဟု ပျံကျကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။
“စစ်ကြောင်းလာတဲ့အချိန်မှာ မပြေးဘဲ ရွာထဲမှာ ကျန်တဲ့သူတွေပါ့ဗျာ။ တစ်ယောက်က သတ်ခံရပြီး နှစ်ယောက်က ဖမ်းခေါ်ခံသွားရတာ။ ဖြတ်ထားပြီးတော့ ကိုယ်နဲ့ ခေါင်းနှင့် တစ်ခြားစီပေါ့ဗျာ။ (ဖြတ်ထားတဲ့) လက်တစ်ဖက်ကိုတော့ အိမ်ထရံမှာ ထိုးထားခဲ့တာ။ ခေါင်းကတော့ ထဘီလုံချည်နဲ့ ပတ်ထုတ်ထားခဲ့တာ” ဟု ပကဖခေါင်းဆောင်က ပြောသည်။
ကိုနိုင်လင်းရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ မတွေ့ရသောကြောင့် ခေါင်းဖြတ်သတ်ခံရခြင်း ဖြစ်မည်ဟု ယူဆကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကိုနိုင်လင်းသည် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသည့် အရပ်သားဖြစ်ကြောင်း၊ ဒေသခံတို့ ထွက်ပြေးနေရသည့် အခြေအနေတွင် စစ်သားများ ဖမ်းဆီးခေါ်ဆောင်သွားသူ နှစ်ဦး၏ အမည်၊ အသက်နှင့် နောက်ဆက်တွဲဖြစ်ရပ်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
စက်တင်ဘာ ၃၀ မှာပင် စစ်သားများက လက်တီးရွာတောင်ဘက် လေးမိုင်အကွာ ပျံကျရွာဘက်သို့ စစ်ကြောင်း ဆက်ထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာသို့ စစ်ရဟတ်ယာဉ် ရောက်လာပြီး ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း PDF တပ်ရင်း ခေါင်းဆောင်တစ်ဦးက ဆိုသည်။
“စစ်ကောင်စီဘက်က ၁၂ ယောက်အထိ ကျတယ်လို့ သိရတယ်။ သူတို့ အထိနာတော့ လေယာဉ် လာပစ်တာပဲ။ ကျွန်တော်တို့ ကာကွယ်ရေးတွေက အချိန်မီဆုတ်ခွာနိုင်လို့ ထိခိုက်တာတော့ မရှိဘူး” ဟု သူက ပြောသည်။
တိုက်ပွဲတွင်း စစ်သားများ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
နဘဲလှကျေးရွာ ဒေသခံ အသတ်ခံရမှု
အဆိုပါတိုက်ပွဲအပြီး ပျံကျကျေးရွာအတွင်း ညအိပ်တပ်စွဲသည့် စစ်သားများက ယနေ့နံနက်တွင် ရွာချင်းကပ်လျက် တည်ရှိသော နဘဲလှကျေးရွာကို စီးနင်းခဲ့ရာ ကိုဝင်းအောင်ဆိုသူ ဖမ်းဆီး သတ်ဖြတ်ခံရသည်။
ထိုသူ၏ ရုပ်အလောင်းကို နဘဲလှရွာအရှေ့ဘက် သုံးမိုင်အကွာ ပုဂံကျေးရွာအနီး ယနေ့ နေ့ခင်းတွင်ပင် ရှာဖွေတွေ့ရှိခဲ့ကြသည်။
စစ်သားများက ပုဂံကျေးရွာကိုလည်း မီးတင်ရှို့ပြီးနောက် ဒီပဲယင်းမြို့အတွင်း ဝင်ရောက်သွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ခုခံမှုပြင်းထန်သည့် ဒေသများတွင် အရှင်ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ အပါအဝင် ဒေသခံအရပ်သားများကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းများကို လူမြင်ကွင်းတွင် ပစ်ထားခဲ့လေ့ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာတွင်လည်း အရှင်ဖမ်းခံရသည့် ကာကွယ်ရေးအဖွဲ့ဝင် စစ်သုံ့ပန်းနှစ်ဦးနှင် အရပ်သားတစ်ဦးကို စစ်သားများက အပိုင်းပိုင်းခုတ်ထစ်၍ သတ်ဖြတ်ခဲ့သည်။
စက်တင်ဘာနောက်ဆုံးပတ်ကလည်း ရေဦးဘက်မှ လာသော စစ်သားများက ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပြီး လေကြောင်းပစ်ကူပါ အသုံးပြုခဲ့သောကြောင့် အနည်းဆုံး ကျေးရွာ ၁၀ ရွာမှ ဒေသခံ ထောင်ချီထွက်ပြေးခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။