သတင်း

ထားဝယ် သရက်ချောင်းတိုက်ပွဲအပြီးတွင် ဓားစာခံ ၃ ဦး အသတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံအရပ်သား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြောသည်။

သေဆုံးသူများသည် သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာသားများဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၃ ရက်က တော်လှန်ရေးတပ်ပေါင်းစုနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး ၎င်းတို့ သတ်ဖြတ်ခံလိုက်ရကြောင်း ထားဝယ်ခရိုင် ပ.က.ဖ တာဝန်ခံ ရဲဘော် ဇီဝကက ပြောသည်။

စက်တင်ဘာ ၂၃ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU, PDF ပူးပေါင်းအဖွဲ့များသည် သရက်ချောင်းမြို့နယ် ပိတောက်ကြီးချောင်းအနီးတွင် အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်တပ်စစ်ကြောင်းနှင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ထိုတိုက်ပွဲတွင် KNU တပ်မှူးတစ်ဦးလည်း ကျဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

“(သတ်ခံလိုက်ရတဲ့သူတွေကို) ရန်သူစစ်ကြောင်းကနေ လူသားဒိုင်းအဖြစ်နဲ့ လမ်းပြခေါ်လာတာကို သူတို့က လမ်းမှာ အဲဒီနားမှာပဲ တစ်ခါတည်း ရှင်းပစ်လိုက်တယ်။ ပြီးတော့ နီးစပ်ရာ အဝတ်အစားတွေနဲ့ ဝတ်ပေးပြီး ဓာတ်ပုံရိုက်လိုက်တာပေါ့” ဟု ရဲဘော် ဇီဝကက ပြောသည်။

ဓားစာခံရုပ်အလောင်းများကို တော်လှန်ရေးသမားရုပ်အလောင်းများအဖြစ် ဝါဒဖြန့် ဖော်ပြလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုဒေသတွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် မြိတ်ခရိုင်၊ ပုလောမြို့နယ်ဘက်မှ ရောက်လာခြင်းဖြစ်ပြီး ကျောက်ဆည်ရွာတွင် တပ်စွဲထားကြောင်း၊ ၎င်းတို့ထဲတွင် ပျူစောထီး ခေါ် ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ကျောက်ဆည်ရွာရှိ ပျူစောထီးခေါင်းဆောင်နှင့် ဇနီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၁၉ တွင် ပစ်သတ်လိုက်ပြီးနောက် ထိုစစ်ကြောင်း ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် မြန်မာနိုင်ငံတောင်ပိုင်း

ထားဝယ်ခရိုင်ထဲမှ ထားဝယ်ရေနက်ဆိပ်ကမ်းရှိရာ ရေဖြူမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် လှည့်လည်သွားလာနေရာ ကျေးရွာ ၅ ရွာမှ ဒေသခံ ၁ သောင်းနီးပါး စစ်ရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၂၃ က ဝင်ရောက်လာသည့် စစ်ကြောင်းသည် ခမောင်းချောင်း၊ ဧကနိ၊ ရငဲ ကျေးရွာတို့ရှိ နေအိမ် ၈ လုံးကို မီးရှို့သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်များကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်တွင်လည်း စစ်တပ်​သင်္ဘောတစ်စင်း တပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထားဝယ်ခရိုင်တွင် အင်အားတိုးချဲ့ထားသည်၊ အသွင်ယူပြီး စစ်ကြောင်းထိုးလာသည်ဟု ပ.က.ဖ တာဝန်ခံ ရဲဘော် ဇီဝကက ပြောသည်။

“အရပ်သားဝတ်စုံတွေ၊ ဘောလုံးအင်္ကျီတွေ၊ ကာကွယ်ရေးအဖွဲ့က သုံးတဲ့ ပစ္စည်းတွေနဲ့ ကာကွယ်ရေးအဖွဲ့ပုံစံမျိုး သုံးပြီး သွားနေလာနေကြတော့ ကျွန်တော်တို့ ခရိုင်ထဲမှာ ရှိတဲ့ PDF တွေ LDF တွေက ပုံမှားတဲ့ အနေအထားပေါ့။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်မမိတဲ့ အခါမျိုး ကြုံရနိုင်တဲ့ အနေအထားမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးကြီးသည့် အမှတ် (၈) ​ပြည်ထောင်စုလမ်းမကြီးရှိရာ နိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းကို စစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လက စတင်ပြီး ထိုးစစ်ဆင်နေသည်။

မြိတ်ခရိုင်အတွင်း ပင်လယ်ကမ်းစပ်မြို့ဖြစ်သည့် ပုလောမြို့ကိုလည်း စက်တင်ဘာ ၁၁ တွင် ကြည်းတပ်၊ ရေတပ်တို့ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး  သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button