သတင်း

ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်စခန်းတစ်ခုကို KIA သိမ်းယူ

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ (စက်တင်ဘာ ၂၀) တွင် တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အရှေ့ဘက် ၇၅ မိုင်ခန့်အကွာ ဆွမ်ပရာဘွမ်ရှိ ဒရူချောင်းတံတား စခန်းကို KIA, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်က နံနက်စောစောပိုင်းတွင် စီးနင်းကြသည်၊ တိုက်ပွဲအလွန်ပြင်းထန်ခဲ့ကာ မွန်းလွဲပိုင်းရောက်မှသာ စခန်းကို ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဒီတံတားနားမှာ ရှိနေတဲ့ စခန်းတွေကို KIA ဘက်နေ ဝင်သိမ်းတဲ့ တိုက်ပွဲဖြစ်စဉ်ဖြစ်ပါတယ်၊ တော်တော်တိုက်ရတယ်။ သူတို့စခန်းတွေက အကုန်သိမ်းပြီး၊ အကုန်လုံး မီးရှို့ပစ်လိုက်ပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သေဆုံးမှု၊ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းအမျိုးအစား၊ အရေအတွက်တို့ကို စိစစ်ဆဲဖြစ်သည်ဟု သိရသည်။

“စခန်းတောင်မှ ဝင်းသိမ်းတယ်ဆိုတော့ သေတာကတော့ ရှိမှာပါ။ ဒါပေမဲ့ ဘယ်လောက် ဖမ်းဆီးရမိတယ်၊ ဘယ်လောက်သေတယ် ဆိုတာကတော့ ကျွန်တော် ပြောလို့မရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

စစ်ကောင်စီတပ်သားအများစု စခန်းကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု ပြောသည်။

အဆိုပါ စခန်းမှာ မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်တွင် ရှိပြီး ဗျူဟာကျ တံတားများကို စောင့်ကြပ်ရသည့် စခန်းများဖြစ်သည့်အတွက် အလွန်အရေးပါသည်ဟုလည်း သူက ဆိုသည်။

ဒေသတွင်းသတင်းဌာနများကမူ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေသည်၊ အရာခံဗိုလ်တစ်ဦး အဖမ်းခံရသည်ဟု ဖော်ပြထားကြသည်။

ထိုနေ့တစ်နေ့တည်းတွင်ပင် ဖားကန့်မြို့အဝင် ပန်းတင်တံတားအနီး စစ်သားများ၊ ရဲများ ရှိသည့် စစ်ဆေးရေးဂိတ်စခန်းကို KIA နှင့် PDF က လက်နက်ကြီးဖြင့် မိနစ်အနည်းငယ်ကြာ ပစ်ခတ်ပြီး ပြန်လည် ဆုတ်ခွာသွားသည်။

လက်နက်ကြီးကျည်တချို့ ဂိတ်စခန်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်သေဆုံးမှု ရှိနိုင်သည်ဟု ဒေသခံအချို့က သုံးသပ်သည်။

ထိုဂိတ်စခန်းရှိ စစ်ကောင်စီလက်နက်ကိုင်တို့ကလည်း ပတ်ဝန်းကျင်ကို ပစ်ခတ်ကြသည်ဟု PDF များနှင့် နီးစပ်သူ အသက် (၄၀) ကျော်အရွယ် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီမှာပစ်ပြီး ဟိုက ပြန်ဆုတ်သွားပြီးမှ သူတို့က ထပစ်တာ၊ တော်တော်ကြာတယ်၊ ကြည့်ရတာ‌တော့ အနည်းဆုံး ၂ ယောက်၊ ၃ ယောက်လောက်တော့ သေမယ်ထင်တယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

တစ်ရက်တည်းတွင် ပူးပေါင်းတပ်က ဖားကန့်မြို့အရှေ့ဘက် ၃၆ မိုင်ခန့်အကွာတွင် ရှိသည့် ပြည်သူ့စစ်စခန်းတစ်ခုကိုလည်း ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် ခုခံတိုက်ခိုက်လိုသူတို့ကို KIA က စစ်သင်တန်းပေးခဲ့ပြီးနောက် KIA ထိန်းချုပ်လှုပ်ရှားရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အချို့မြို့နယ်များ၌ပင် KIA တပ်များက တော်လှန်ရေးတပ်များဘက်မှ ထိထိရောက်ရောက် ကူညီတိုက်ခိုက်မှုပေးနေသည်။

စစ်ကောင်စီသည် KIA ဌာနချုပ်လိုင်ဇာကို ပြန်လည်ဖိအားပေးနိုင်ရန် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ရွာအနီးသို့ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ စစ်အင်အား ၁၀၀၀ ခန့် ပို့ဆောင်ပြီး ထိုးစစ်ဆင်နေသည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်အတွက် ပြည်မမှ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIA ‌​ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောလေ့ရှိသည်။ စစ်ကောင်စီကလည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်ပိုဆင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button