အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD နာယကအတွက်လှူဒါန်းငွေ အလွဲသုံးစားလုပ်သည်ဆိုကာ ဗိုလ်တထောင်အမတ် အမှုဖွင့်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက သူရဦးတင်ဦး၏ ကျန်းမာရေးအတွက် လှူဒါန်းထားသော ကျပ် သိန်း ၅၀ ကို အလွဲသုံးစားလုပ်သည်ဆိုကာ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခေါ်) ဒေါ်မေစိုးနှင့် ပြင်ဦးလွင်မြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်သူဆွေတို့ကို ငွေလှူဒါန်းသူက အမှုဖွင့်တိုင်တန်းထားသည်။

ဒေါ်မေစိုးကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၆၊ ဦးကျော်သူဆွေကို အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် ပြင်ဦးလွင်မြို့နေ ဦးမြင့်စိုးက ဩဂုတ် ၉ တွင် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်ရဲစခန်းရှိ အမှုစစ်ဒုရဲအုပ် သိင်္ဂီအောင်က အတည်ပြုသည်။ 

အသက် ၉၀ ကျော်အရွယ် NLD နာယက ဦးတင်ဦးသည် ၂၀၁၇ တွင် ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသခဲ့ရသည်။ ထို့ကြောင့် ဦးတင်ဦး၏ ကျန်းမာရေးအသုံးစရိတ်အတွက် NLD ဝန်းရံသူ ဦးမြင့်စိုးက ကျပ် သိန်း ၅၀ လှူဒါန်းလိုသဖြင့် ထိုစဉ်က NLD ပါတီဝင်ဖြစ်သူ ဦးကျော်သူဆွေနှင့် ချိတ်ဆက်ခဲ့သည်။

ထို့နောက် ဦးကျော်သူဆွေက ဦးတင်ဦးမိသားစုနှင့် နီးစပ်သူ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးနှင့် ထပ်မံဆက်သွယ်ပေးခဲ့သည်။ ဒေါ်မေစိုး၏ ဧရာဝတီဘဏ်ငွေစာရင်းသို့ ဦးမြင့်စိုးက ၂၀၁၇ ဇွန် ၁ တွင် ကျပ် သိန်း ၅၀ လွှဲပေးခဲ့ကြောင်း ရဲစခန်းတိုင်ကြားစာများ၊ ပူးတွဲအမှုဖွင့်ခံရသူ ဦးကျော်သူဆွေ၏ ပြောပြချက်တို့အရ သိရသည်။

ဦးမြင့်စိုးက ပို့ပေးသည့် ဘဏ်၏ ငွေလက်ခံပြေစာနှင့် ဦးတင်ဦးမိသားစုထံ လှူဒါန်းပြီးကြောင်း ဒေါ်မေစိုးက ပြသသည့်ဓာတ်ပုံကို Facebook ပေါ်တွင် ဒေါ်မေစိုး၏ အကောင့်နှင့်တွဲ၍ တင်ခဲ့သည့် သက်သေများရှိကြောင်း ဦးကျော်သူဆွေက ဆိုသည်။ 

သို့သော် ယခုအခါ ယင်းဓာတ်ပုံများမှာ Facebook ပေါ်တွင် မရှိတော့ပေ။ 

၎င်းအနေဖြင့် ငွေလှူနိုင်ရန် ဒေါ်မေစိုးထံ လမ်းညွှန်ပေးခဲ့သူသာဖြစ်ပြီး ငွေအလွဲသုံးစား မလုပ်ခဲ့ကြောင်း ဦးကျော်သူဆွေက ပြောသည်။

“ဒီကိစ္စမှာ ကျွန်တော်က ငွေပေးငွေယူလည်း မပါဘူး။ သူလှူချင်တယ်ဆိုလို့ ညွှန်ပြပေးလိုက်တာပဲလေ။ သူကတော့ ဒေါ်မေစိုးကို မသိလို့ ကျွန်တော့်ကို စွဲရပါတယ်လို့တော့ ပြောတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ငွေသိန်း ၅၀ ကို နာယက ဦးတင်ဦးထံ ပေးပြီးသားဖြစ်သည့်အပြင် ဓာတ်ပုံသက်သေများလည်း ရှိ၍ ၎င်းအား တရားစွဲဆိုပါက အသရေဖျက်မှုဖြင့် ပြန်လည်တရားစွဲမည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်မေစိုးက Myanmar Now ကို ပြောသည်။ 

“အခုချိန်မှ လာပြီး ပြောတယ်ဆိုတာ ဒါ ကျွန်မကို အသရေဖျက်တာ ဖြစ်နိုင်ပါတယ်” ဟု ဒေါ်မေစိုးက ပြောသည်။

အစိုးရကို ထိပါးစေနိုင်သော ဝေဖန်ချက်များကို လူမှုကွန်ရက်တွင် ရေးသားထုတ်ဖော်သည်ဆိုကာ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးသည် ၂၀၂၀ မေ တွင် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။ 

ဒေါ်မေစိုး NLD ပါတီမှ အထုတ်ခံရသည့်အခါ ဦးမြင့်စိုးသည် ၎င်းလှူဒါန်းသည့်ငွေ ဦးတင်ဦးထံ အမှန်တကယ်ရောက်မရောက် သံသယရှိလာပြီး ဦးတင်ဦးထံ ကိုယ်တိုင်သွားရောက်စုံစမ်းသည့်အခါ ငွေမရောက်ကြောင်း သိရှိရသဖြင့် တရားစွဲခြင်းဖြစ်သည်ဟု ပူးတွဲတရားစွဲခံရသူ ဦးကျော်သူဆွေက ပြောသည်။ 

အမှုဖွင့်ထားသူ ဦးမြင့်စိုးနှင့် ဦးတင်ဦးမိသားစုကို တွေ့ဆုံရန် ယခုနှစ် ဇွန်တွင် စီစဉ်ပေးခဲ့ကြောင်း ဦးတင်ဦးမိသားစုနှင့် ရင်းနှီးသူ ဦးမြင့်ဦးက ဆိုသည်။

လှူဒါန်းငွေ လက်ခံရမရကိစ္စနှင့် ပတ်သက်၍ ဦးတင်ဦး၏ မိသားစုဝင်တစ်ဦးကမူ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးသည် ဦးတင်ဦး၏ ကျန်းမာရေးအတွက် ကျပ်ငါးသိန်း လှူဒါန်းဖူးသည်ဟုသာ မှတ်မိကြောင်း ဆိုသည်။

“ငါးသိန်းတော့ ရပါတယ်။ မမှတ်မိတော့ပါဘူး။ ကြီးကြီးတို့ကလည်း အသက်က ကြီးတော့လေ။ ခုနှစ်တော့ မမှတ်မိပါဘူး။ အဲဒါတွေ မမှတ်မိပါဘူး။ ဒီလိုပဲ တစ်သုတ်တစ်သုတ်နဲ့ လာပြီးတော့ လှူဒါန်းကြတယ်” ဟု Myanmar Now ကို ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့နယ်ပါတီရုံးသို့ တိုင်ကြားစာရောက်သဖြင့် သိရှိထားသော်လည်း အမှုဖွင့်ထားသည်ကိုမူ မသိထားကြောင်း ပြင်ဦးလွင်မြို့နယ်တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဌေးက ပြောသည်။

ထိုငွေလှူဒါန်းမှုသည် ပါတီရုံးတွင် အသိသက်သေများဖြင့် လှူဒါန်းခဲ့ခြင်းမဟုတ်ဘဲ ပါတီအလုပ်အမှုဆောင် ဦးကျော်သူဆွေနှင့် ဦးမြင့်စိုးတို့ နှစ်ဦးသဘောတူရင်းနှီးမှုဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အမှုဖွင့်သူ ဦးမြင့်စိုးမှာ ယခင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစား အစိုးရဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ လက်ရှိတွင် NLD ပါတီဝင်တစ်ဦးဖြစ်ကြောင်း ရဲတိုင်ကြားစာအရ သိရသည်။ 

ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄၀၆ မှာ အာမခံပေးနိုင်ပြီး ပြစ်မှုထင်ရှားပါက အများဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

အားပေးကူညီမှု ပုဒ်မ ၁၁၄ မှာ ပြစ်မှုထင်ရှားပါက ၎င်းအားပေးကူညီသည့် ပြစ်မှုပြစ်ဒဏ်အတိုင်း အမိန့်ချနိုင်ကာ တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ် မူတည်၍လည်း ချမှတ်နိုင်သည်။

(မှတ်ချက်- ယင်းအမှုတွင် ပါဝင်ပတ်သက်သူများကြား ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ယနေ့ညနေပိုင်းတွင် Myanmar Now သို့ ဆက်သွယ်ပြောကြားခဲ့သည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button