သတင်း

တိုက်ပွဲဆက်နေသည့် မူဆယ်တွင် လူ ၁၀၀၀ကျော် စစ်ရှောင်နေရ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်နေသဖြင့် ဒေသခံ ၁၂၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ထိုဒေသတွင် လွန်ခဲ့သည့် လပိုင်းအတွင်းမှစ၍ တိုက်ပွဲများဆက်နေပြီး စက်တင်ဘာ ၁၇ ရက်နေ့က မူဆယ်မြို့တောင်ဘက် ၅ မိုင်ကျော်အကွာ ဝိန်းနန်းကျေးရွာအနီး လက်နက်ကိုင်နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်ခဲ့သည်။

ထို့အတူ ယမန်နေ့ (စက်တင်ဘာ ၁၉) တစ်ရက်တည်းတွင်ပင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ခဲ့သည်။

လွယ်တမှိုင်းတောင်အနီးရှိ မန်ကန်ရွာကိုလည်း စစ်ကောင်စီက ယမန်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရွာခံ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသည်ဟု စုံစမ်းသိရှိရသည်။

“တိုက်ပွဲဖြစ်တော့ ရွာခံတွေ ပြေးဖို့လုပ်နေတာကို ရွာထဲ လက်နက်ကြီးရော သေနတ်တွေနဲ့ ရမ်းပစ်လာတာ။ အမျိုးသမီးတစ်ဦးတော့ သေနတ်ထိပြီး သူ့ပေါင်မှာ ဒဏ်ရာရသွားတယ်။ သူ့တို့ ပစ်လာတဲ့ လက်နက်ကြီးတစ်လုံးလည်း အခုထိ မပေါက်သေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မန်ကန်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် လွယ်တမှိုင်းတောင်အနီးရှိ မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ နမ့်ကတ်ရွာခံ ၇၀၀ ကျော်၊ စယ်လန့်ကျေးရွာအုပ်စုမှ လူဦးရေ ၅၀၀ ကျော် နေရပ်စွန့် ထွက်ပြေးနေရသည်ဟု ကိုယ်တိုင်စစ်ရှောင်နေရသည့် အထက်ပါအမျိုးသမီးထံမှ သိရသည်။

ခိုလှုံခွင့်ပေးထားရသည့် ရွာများရှိသော်လည်း စစ်ရှောင်ဦးရေ များလွန်းသဖြင့် မိုးကာဖြင့် တဲထိုးကာ ဖြစ်သလို နေထိုင်ကြရသလို စားရေရိက္ခာဖူလှုံရေး အခက်တွေ့နေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တုန်ခွမ်ရွာသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေသေးတော့ မပြန်နိုင်ကြသေးဘူး။ ရွာမှာ ကျန်နေတဲ့ လူတချို့လည်း ထပ်ပြေးလာနေတယ်။ နေထိုင်ဖို့ ဒီရွာတွေက ဇရပ်နဲ့ နေအိမ်တွေလည်း ပြည့်နေပြီ။ အစားအသောက်လည်း ဒီရွာကပဲ ကူညီပေးနေတော့ ရက်ကြာလာရင် အဆင်မပြေတော့ဘူး”

လွယ်တေမှိုင်းတောင် အခြေစိုက်စခန်းကို လက်နက်ကြီး၊ လေကြောင်းပစ်ကူ အားကိုး၍ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ တိုက်ပွဲအတွင်း သေဆုံးမှုများသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း TNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အထက်ပါ တိုက်ပွဲများနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ CS ဟိုတယ်အနီး စက်တင်ဘာ ၁၉ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ပြန်လည်ခုခံလိုသည့် ပြည်မမှ လူငယ်များကို ရှမ်းပြည်အခြေစိုက် TNLA က ကူညီနေချိန်တွင် စစ်ကောင်စီက TNLA ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်နေသည်။

TNLA ကလည်း စစ်ကောင်စီ ဝင်ငွေလမ်းကြောင်းဖြစ်သည့် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသည့် မူဆယ်မြို့ဝန်းကျင်တွင် စစ်ဆင်ရေး ရံဖန်ရံခါလုပ်လေ့ရှိသည်။

ရှမ်းမြောက်ဒေသသည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေသည့် ဒေသဖြစ်သည်။

ယမန်နေ့ ညနေကလည်း လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ CS ဟိုတယ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အနည်းဆုံး လူငါးဦး ထိခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို လက်သည်မသိရသေးပေ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေးရုံး၏ စက်တင်ဘာ ၈ ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှု သုံးနှစ်နီးပါးအတွင်း ပေါ်ပေါက်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံအနှံ့တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက် ၁.၆ သန်းကျော် ရှိနေကြောင်း ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button