သတင်း

စစ်ကောင်စီ လဝကဝန်ကြီး တရုတ်သွားကာ e-ID ကိစ္စ အရေးတကြီး ဆွေးနွေးနေ

ကိုယ်ရေးအချက်အလက် (Biographic)၊ မျက်နှာသွင်ပြင်၊ လက်ဗွေစသည့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) တို့ကို ထည့်သွင်းမှတ်သား၍ အချိန်မဆိုင်း တိုက်ဆိုင်စစ်ဆေးနိုင်မည့် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် အကောင်အထည်ဖော်မည့် အစီအစဉ်ကို စစ်ကောင်စီက အားစိုက်လုပ်ဆောင်နေသည်။

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ဘေဂျင်းသို့ သွား၍ တရုတ်ပြည်သူ့လုံခြုံရေး၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NIA) တွင် NIA ဒုဝန်ကြီးနှင့် စက်တင်ဘာ ၁၈ ရက်တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သတင်းစာများက ယနေ့ သတင်းဖော်ပြထားသည်။

ထိုခရီးစဉ်တွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းလည်း လိုက်ပါသွားပြီး တရုတ်နိုင်ငံသားများအတွက် နည်းပညာအသုံးပြု နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးမှု၊ လုံခြုံရေးဆိုင်ရာ နည်းပညာအသုံးပြုဆောင်ရွက်မှုများကို NIA တွင် လေ့လာခဲ့သည်ဟု ထိုသတင်းတွင် ရေးထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်ကလည်း  ဦးမြင့်ကြိုင်နှင့်အဖွဲ့ အိန္ဒိယနိုင်ငံအစိုးရ၏ Unique Identification Authority of India (UIDAI) တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား e-ID (အီလက်ထရောနစ်မှတ်ပုံတင်) စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပိုမိုထိန်းချုပ်လာနိုင်မည့် အဆိုပါ စနစ်အကောင်အထည်အဖော်နိုင်ရေးအတွက် နိုင်ငံအနှံ့ လူဝင်မှုကြီးကြပ်ရေးရုံးများတွင် နိုင်ငံသားမှတ်ပုံတင်ဆိုင်ရာ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို အီလက်ထရောနစ်စနစ်ဖြင့် သိုမှီးထားပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

ပြည်သူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များကိုပါ ကောက်ယူရန် ကြံရွယ်ထားသည့် ထိုအစီအစဉ်ကို စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားသည့် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းရှိ အစိုးရဝန်ထမ်းများနှင့် ရုံးများတွင် စတင် အကောင်အထည်ဖော်နေသည်။

စစ်ကောင်စီသည် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀) နှစ်အထက်ရှိသူအားလုံးကို ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များ ကောက်ယူကာ e ID ထုတ်ပေးမည်ဟု ဆိုထားသည်။

အာဏာလက်မလွှတ်ရေး အချိန်ဆွဲနေသည့် အာဏာသိမ်းစစ်တပ်သည် တစ်နိုင်ငံလုံး ပုန်ကန်တိုက်ခိုက်နေသည့်ကြားမှ လာမည့်နှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမည်ဟုလည်း ကြေညာထားသည်။

သန်းခေါင်စာရင်းကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မြန်မာကိုယ်စားလှယ်နှင့် ဦးမြင့်ကြိုင်တို့ ဇူလိုင်၊ ဩဂုတ်လများအတွင်း နေပြည်တော်၌ တွေ့ဆုံဆွေးနွေးဖူးသည်။ စစ်ကောင်စီ၏ သန်းခေါင်စာရင်းအစီအစဉ်ကို ပါဝင်ကူညီမည်မဟုတ်ဟု UNFPA က ပြောထားသည်။

လက်ဗွေနှင့် မျက်လုံး scan ဖတ် ပုံရိပ်မှတ်သားခြင်းများ ပါဝင်သည့် စစ်ကောင်စီအစီအမံသည် ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့ကို ဆန့်ကျင်သူများကို စစ်ကောင်စီက နည်းမျိုးစုံဖြင့်ရန်ရှာနေသလို တော်လှန်ရေးသမားများ၏ မိသားစုဝင်များကိုပါ ဒုက္ခပေးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button