ကမ္ဘာ့ကုလသမဂ္ဂညီလာခံ ကျင်းပနေချိန်၊ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရှစ်နှစ်ပြည့်အခမ်းအနားကို အကြီးအကျယ်ကျင်းပနိုင်ရန် စစ်ကောင်စီက စီစဉ်နေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦး နေပြည်တော်သို့ ရောက်နေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းက စက်တင်ဘာ ၁၈ တွင် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂ ဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် နေပြည်တော်တွင် သီးခြားစီ တွေ့ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ NCA ရှစ်နှစ်ပြည့်အခမ်းအနားကျင်းပမည့်ကိစ္စ၊ စစ်တပ်၏ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားရသည့် သန်းနှင့်ချီသော ရိုဟင်ဂျာများကို ပြန်လည်နေရာချထားရေးကိစ္စများ ဆွေးနွေးသည်ဟု စစ်ကောင်စီသတင်းက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးရှိလာချိန်အထိ ကုလသမဂ္ဂစင်မြင့်ထက်တွင် နိုင်ငံကိုယ်စားပြုခွင့် ဆုံးရှုံးနေဆဲဖြစ်သည့် စစ်ကောင်စီဝန်ကြီးနှစ်ဦးနှင့် တရုတ်အထူးကိုယ်စားလှယ်တို့၏ ဆွေးနွေးမှုအတိမ်အနက်ကိုမူ မသိရသေးပေ။
ထိုသို့ တွေ့ဆုံချိန်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုညီလာခံတွင် အရည်အချင်းစစ်ကော်မတီက နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ကိစ္စ ဆုံးဖြတ်ရန်ရှိသည်။
လက်ရှိအချိန်အထိ စစ်အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်၌ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားဆဲဖြစ်သည်။
ထို့အတူ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ တရုတ်ကိုယ်စားလှယ်နှင့် ဦးကိုကိုလှိုင်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဆိုသော NCA ရှစ်နှစ်ပြည့်အခမ်းအနားကိစ္စနှင့် ပတ်သက်၍လည်း အသေးစိတ်မသိရသေးပေ။
အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် နိုင်ငံအနှံ့ ခုခံမှုများ မြင့်မားနေကာ စစ်မီးဝိုင်းနေချိန်တွင် ၂၀၁၅ ခုနှစ်မှစ၍ ရွေးကောက်ပွဲနှင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အစိုးရနှစ်ဆက်နှင့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်များ အကောင်အထည်ဖော်ခဲ့သော NCA စာချုပ်အထိမ်းအမှတ်ပွဲကို ကြီးကြီးကျယ်ကျယ်လုပ်မည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားဖူးသည်။
စစ်တပ်က အာဏာမသိမ်းမီတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့ (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) တို့ NCA လက်မှတ်ထိုးထားသည်။
ထို့အတူ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည်လည်း NCA စာချုပ်ဝင်များဖြစ်သည်။
သို့သော် အာဏာသိမ်းပြီးနောက် နိုင်ငံတောင်ပိုင်းတွင် KNU၊ ချင်းပြည်နယ်၌ CNF၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ABSDF တပ်ရင်းတပ်ဖွဲ့တချို့က အခြားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
အခြား NCA စာချုပ်ပါအဖွဲ့များသာ စစ်ကောင်စီနှင့် နေပြည်တော်တွင် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများရှိသည်။
တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များသည် စစ်ရေးအရ စစ်ကောင်စီ အရေးနိမ့်ချိန်၊ အကျပ်တွေ့နေချိန်တိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်လာလေ့ရှိသည်။ ဇွန်လဆန်းတွင် ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာကောပေါင် ကမကထပြုမှုဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့၌ မြောက်ပိုင်းမဟာမိတ်ညီနောင်ဟု လူသိများပြီး သက်ဆိုင်ရာ ဒေသများတွင် စစ်ကောင်စီကို ရင်ဆိုင်တိုက်နေသည့် အဖွဲ့သုံးဖွဲ့နှင့် တွေ့ခဲ့သေးသည်။
ရှမ်းပြည်အခြေစိုက်အဖွဲ့များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ ခေါ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရခိုင်ပြည်နယ်အခြေစိုက် ရက္ခိုင့်တပ်တော် (AA) တို့နှင့် စစ်ကောင်စီ၏ အထက်ပါ တွေ့ဆုံမှုမှာ မည်သည့်ရလဒ်မျှ မထွက်ဘဲ ရုတ်တရက် ရပ်နားလိုက်ရသည်။
ယခု နေပြည်တော်သို့ ရောက်နေသည့် တိန့်ရှီးကျွင်းသည် ဇူလိုင်လကုန်ပိုင်းတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နှင့် တွေ့ဆုံခဲ့ဖူးသည်။
ထိုသို့တွေ့ဆုံပြီး ရက်ပိုင်းအကြာတွင် နေပြည်တော်အစည်းအဝေးတစ်ခု၌ ကချင်ပြည်နယ်မှ ဧရာဝတီမြစ်ဆုံတွင် ရေကာတာကြီးဆောက်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမည့် တရုတ်စီမံကိန်းရပ်ထားရ၍ မီးပေးရေးလိုအပ်ချက်များဖြစ်နေသည်ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။ မြစ်ဆုံစီမံကိန်းဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် တရုတ်စီးပွားရေးအစီအမံကို နိုင်ငံအနှံ့ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ရပ်တန့်ထားရခြင်းဖြစ်သည်။
လူထုကလည်း တရုတ်စီမံကိန်းများကို လိုလိုလားလား လက်ခံလေ့မရှိပေ။
တရုတ်နိုင်ငံသည် ၁၉၈၈ နောက်ပိုင်း မြန်မာပြည်ကို စစ်တပ်က အုပ်ချုပ်သည့် ကာလများအတွင်း နိုင်ငံတကာမျက်နှာစာတွင် ဗိုလ်ချုပ်ကြီးများကို အကာအကွယ်ပေးခဲ့ပြီး ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းကြီးငယ်မျိုးစုံ စိတ်ကြိုက်လုပ်ကိုင်ခွင့်ရသည့် အစဉ်အလာများရှိသည်။
အထင်ရှားဆုံးလုပ်ငန်းမှာ နိုင်ငံကို ကန့်လန့်ဖြတ် ဖောက်လုပ်ထားသည့် ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းလမ်းကြောင်း ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးများနှင့် တရုတ်အစိုးရ သဘောတူညီချက်အရ ထိုပိုက်လိုင်းစီမံကိန်း အစပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်း စသည့် ပြည်နယ်တိုင်းဒေသများကို ဖြတ်သန်းဖောက်လုပ်ရေးအတွက် မြေယာသိမ်းဆည်းမှုများ ပေါ်ပေါက်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)