
စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ရှိလာပြီး ထိုအထဲတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်လာသည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တို့က ထောင်ဝင်စာများ ကန့်သတ်ထားသည့်အပြင် အကျဉ်းထောင်အတွင်း ခွင့်ပြုချက်ဖြင့် သွင်းယူထားသည့် ပစ္စည်းများကိုပါ သိမ်းဆည်းသွားသည့်အတွက် ကန့်ကွက် ဆန္ဒပြနေကြခြင်းဖြစ်သည်။
စက်တင်ဘာ ၈ တွင် စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တို့ ပါဝင်သည့် အထူးရှာဖွေရေးအဖွဲ့က မုံရွာထောင်သို့ ဝင်ရောက်၍ အကျဉ်းသားများ၏ စာအုပ်များ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။
ထို့နောက် စက်တင်ဘာ ၉ တွင် အစာငတ်ခံသပိတ်ကို နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက ကနဦးစတင်ခဲ့ကြသည်။ သိမ်းသွားသည့် အကျဉ်းသားများပိုင်ပစ္စည်းများ ပြန်ပေးရန်၊ ထောင်ဝင်စာပါဆယ်များ လွတ်လပ်စွာပို့ခွင့်ပြုရန်နှင့် ကျန်မာရေးမကောင်းပါက အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။
သို့သော် အစာငတ်ခံဆန္ဒပြနေသူတို့၏ တောင်းဆိုချက်များကို ထောင်အာဏာပိုင်တို့က လိုက်လျောခြင်း မရှိသောကြောင့် မုံရွာလူထုသပိတ်ခေါင်းဆောင်ဖြစ်သူ ကိုဝေမိုးနိုင်အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား ၃၆ ဦးက ထပ်မံပူးပေါင်းကာ အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု Myanmar Now ၏ သတင်းရင်းမြစ် ၂ ဦးက ပြောသည်။
လတ်တလောတွင် အစာငတ်ခံဆန္ဒပြနေသူ နိုင်ကျဉ်း ၅၀ အနက် ကိုဝေမိုးနိုင်မှာ တိုက်ပိတ်ခံထားရသည်။ အခြားနိုင်/ကျဉ်း ၃ ဦးမှာလည်း သွေးအားနည်းသဖြင့် မူးလဲခဲ့သည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က ပြောသည်။
“မူးလဲတဲ့ သုံးယောက်ကို ဆေးကုခွင့်ပေးဖို့ ပြောတဲ့အခါမှာ ထောင်က ငြင်းဆန်ထားပါတယ်။ ဆေးကုသခွင့် လုံးဝပေးမထားပါဘူး။ ကိုဝေမိုးနိုင် တိုက်ပိတ်ခံထားရတယ်။ ကျန်တဲ့သူတွေကိုလည်း ထောင်ဘက်က လိုက်လျောပေးတာ၊ လျှော့ပေးတာ လုံးဝမရှိဘူး” ဟု ကိုရှင်းသန့်က ပြောသည်။
မူးလဲသွားသူများကို ကုသပေးရန် တောင်းဆိုသော်လည်း ဆန္ဒပြမှုကို တရားဝင်ခွင့်ပြုထားခြင်း မဟုတ်သဖြင့် ဆေးဝါးကုသခွင့်ရမည် မဟုတ်ကြောင်း ထောင်အရာရှိများက တုံ့ပြန်သည်ဟု သိရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကလည်း ယမန်နေ့ (စက်တင်ဘာ ၁၂ ရက်) တွင် ထုတ်ပြန်ထားသည်။
“လူတစ်ယောက်မှာ အစားအစာသည် အဓိကအခြေခံလိုအပ်ချက်ထဲမှာ ပါနေတာဖြစ်တယ်။
သူတို့ရဲ့ ကျန်းမာရေးအခြေနေက လုံးဝချို့ယွင်းနေမှာ သေချာတယ်။ ဒါကို အကျဉ်းထောင်ဘက်ကနေ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာသည် မိုင်းရိုင်းတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်” ဟု ကိုရှင်းသန့်က ပြောသည်။
အစာငတ်ခံသပိတ်တိုက်ပွဲဝင်နေသူတို့၏ ကျန်းမာရေးအခြေအနေအသေးစိတ်ကို စုံစမ်း၍ မရသေးပေ။
လတ်တလောတွင် မုံရွာထောင်ရှိ အခြားနိုင်ကျဉ်းများကလည်း ထောင်ထမင်း၊ ထောင်ဟင်း မစားဘဲ မိသားစုဝင်များ ပို့ထားသည့် ထောင်ဝင်စာကိုသာ စားသုံးနေကြသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောသည်။
“အကျဉ်းထောင်ထဲမှာရှိတဲ့ ရဲဘော်တွေက ထောင်ကကျွေးတဲ့ ထမင်း၊ ဟင်းတွေကို မယူဘဲနဲ့ သူရှိတဲ့ဟာနဲ့ စားသောက်နေကြတယ်။ အိမ်က ပို့ထားတဲ့ လက်ကျန်တွေနဲ့ပဲ စားသောက်နေကြတာ။ ထောင်က ပေးတဲ့ဟာ လုံးဝမယူဘဲနဲ့ သူတို့ပါ ပူးပေါင်းနေတာ။ ဒီတောင်းဆိုချက်တွေ မရမချင်း သူတို့တွေအနေနဲ့ လုပ်ဆောင်သွားမယ်လို့ သတင်းစကားရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လက အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမျိုးဆွေ တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးတွင် ဖိနှိပ်ကန့်သတ်မှုများ ပို၍ဆိုးလာသည်ဟု နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုဝင်များက ပြောသည်။
အစားအသောက် ၁၅ ရက်တစ်ကြိမ် ပို့ခွင့်ပြုရာတွင် ဟင်းလျာ၊ မုန့်၊ ကော်ဖီထုပ် အရေအတွက်ပမာဏကို လျှော့ချကန့်သတ်ထားသလို မိသားစုကို စာဖြင့် အပြန်အလှန်ဆက်သွယ်ခွင့်လည်း မရကြောင်း နိုင်/ကျဉ်း မိသားစုဝင်များက ဆိုသည်။
အကျဉ်းသားများ မိသားစုနှင့် တွေ့ဆုံခွင့်ကို စစ်ကောင်စီက ကိုဗစ်အကြောင်းပြပြီး ပိတ်ပင်ထားဆဲဖြစ်သည်။
အကျဉ်းထောင်အသီးသီးရှိ ထောင်ဝင်စာ အစားအစာပေးပို့နိုင်သည့် ပမာဏကိုပါ ကန့်သတ်ကာ ထောင်တွင်းစည်းမျဉ်း စည်းကမ်းများကိုလည်း တင်းကျပ်၊ ရုပ်မြင်သံကြားကြည့်ခွင့်၊ စာအုပ်စာပေဖတ်ရှုခွင့်၊ လမ်းလျှောက်ခွင့်များကိုပါ စစ်ကောင်စီထောင်အာဏာပိုင်များက ထိန်းချုပ်ထားသည်။
အကျဉ်းထောင်များတွင် နိုင်/ကျဉ်းပေါင်း ၁၉၄၅၈ ဦးထက်မနည်း ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်ထက် နိုင်ငံရေးအကျဉ်းသား စံချိန်တင်ဖမ်းဆီးထားပြီး အကျဉ်းသားများ အခွင့်အရေးမရဘဲ ဖြစ်နေသည်။ ထိုအခြေအနေများကို ထိန်းသိမ်းရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC ကိုလည်း အကျဉ်းထောင်များသို့ ဝင်ရောက်ကြည့်ရှုခွင့် စစ်ကောင်စီက ခွင့်မပြုပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)