သတင်း

ကသာမြို့နယ်ရှိ ရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ အိမ်မီးရှို့

တိုက်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်းရှိ ပျဉ်ထောင်လေးရွာကို ယမန်နေ့ (စက်တင်ဘာ ၅) နံနက်အစောပိုင်းတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲပြီး ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်မျဉ်းအနီးတွင် ရှိသည့် ပျဉ်ထောင်လေးရွာကို စက်တင်ဘာ ၅ ရက် မိုးမလင်းမီ နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေလီမြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် ငအိုးမြို့တွင် အခြေစိုက်သည့် အမှတ် (၁၂၁) ခြေလျင်တပ်ရင်းမှ လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်း ရုတ်တရက် စီးနင်းသဖြင့် အချိန်မီ မပြေးနိုင်ကြသည့် သံဃာနှင့် ပြည်သူအချို့ ရွာဘုန်းကြီးကျောင်းတွင် ပိတ်မိသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ အမျိုးသားက ပြောသည်။

“မနက်ခင်းကို သူတို့တပ်က ထွက်မယ့်အချိန်မှာ ဒရုန်းနဲ့ ကျွန်တော်တို့ရှိမယ်ထင်တဲ့နေရာ ဗုံးချတော့ ၅ နာရီလောက်မှာ ဗုံးကွဲတော့ ရွာကလူတွေလည်း ပြေးတဲ့သူကြတော့လည်း ပြေးကြတာပေါ့။ တချို့လည်း (ဝင်စီးမယ်) မထင်တော့ မပြေးကြဘူးပေါ့”

ကသာမြို့နယ်အတွင်း စစ်တပ်ဝင်စီးသည့် ရွာများမှ ဒေသခံများ မကြာခဏ သတ်ဖြတ်ခံနေရသည့်အတွက် ပျဉ်ထောင်လေးရွာတွင် ကျန်ရစ်ခဲ့သည့် ဒေသခံတို့ အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ နံနက် အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က ရွာကျေးလက်ဆေးပေးခန်း အပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသဖြင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျသွားပြီဟု သတင်းရကြောင်း အထက်ပါ ပကဖက ပြောသည်။

“စပြီးတော့ ရွာထဲဝင်ပြီဆိုကတည်းက ဟိုရှာ၊ ဒီရှာ၊ ဟိုဖမ်း ဒီဖမ်းလုပ်ပြီးကတည်းက မီးခိုးက စထွက်လာတာပဲ၊ ကျေးလက်ဆေးပေးခန်းဘေးက အိမ်မီးလောင်ပြီးတော့ ဆေးခန်းပါ လောင်သွားတယ်”

မီးရှို့မှုကို ဟန့်တားရန်အတွက် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်နှင့် ယနေ့ (စက်တင်ဘာ ၆) နံနက် ၁၀ နာရီခန့်တွင် ကသာပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်သည်ဟု သိရသည်။

ကသာမြို့ခံ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦး၏ အဆိုအရ ယနေ့နံနက်တွင် ရွာအရှေ့ဘက်တွင် ရှိသည့် မန္တလေး-ဗန်းမော်လမ်းကို စစ်ကောင်စီတပ်က သွားလာခွင့် ပိတ်ထားသည့်အတွက် ကုန်ကားတချို့ ပိတ်မိနေသည်ဟု သိရသည်။

ထိုရွာတွင် ထိခိုက်သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှုများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးပေ။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ခုခံကြရာ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအားကောင်းသည့် ဒေသတစ်ခုဖြစ်နေသည်။

စစ်ကိုင်း-ကချင်နယ်စပ်ရှိ ရွေကူ၊ ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များမှာ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) ထံမှ စစ်ရေးကူညီမှုများကို ရရှိနေပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ခုခံနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button