သတင်း

ပိတ်ဆို့ခံရသည့် နိုင်ငံတောင်ပိုင်းတွင် စစ်တပ်က ရေလမ်း အားကိုးနေရ

နိုင်ငံတောင်ပိုင်း ကုန်းလမ်းသွားလာမှု ကန့်သတ်ခံထားရသည့် စစ်ကောင်စီသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ တပ်များအတွက် လက်နက်ခဲယမ်းအပါအဝင် လူနှင့် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ရန် ရေကြောင်းကို ပိုမိုအသုံးပြုလာနေသည်မှာ ၃ လ ကြာပြီဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ရေးမြို့အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ အစင်၊ ဇီးဖြူသောင်စသည့် ကျေးရွာများအနီး ပင်လယ်ကမ်းစပ်ဆိပ်ကမ်းများကို အသုံးပြုကာ ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်တို့ကို ဆက်သွယ်နေသည်ဟု ဆိုသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ မော်လမြိုင်-မုဒုံ-သံဖြူဇရပ်–ထားဝယ်-မြိတ် လမ်းပေါ်တွင် စစ်ကောင်စီအတွက် လက်နက်ခဲယမ်းအပါအဝင် လူနှင့် ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်များကို အရေးယူမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

“လမ်းမကြီး လုံခြုံမှုမရှိတဲ့အတွက်ကြောင့် သူတို့ရဲ့ ပို့ဆောင်ရေးကိစ္စသော်လည်းကောင်း၊ အခြားကိစ္စသော်လည်းကောင်း ရေလမ်းကြောင်း အဓိကသုံးလာတာ တွေ့ရတယ်” ဟု ထိုဒေသတွင် လှုပ်ရှားနေသည့် KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဝန်ထမ်းတွေ ဖြတ်သွားတာ စစ်ဆေးပြီးတော့ တွေ့ရှိတာလည်း ရှိတယ်။ စာထုတ်ပြီးတဲ့နောက်မှာတော့ ထောက်ပို့ပစ္စည်းတို့၊ စစ်ပိုင်းဆိုင်ရာ ပစ္စည်းတို့တော့ (ကားလမ်းနဲ့) အလုံးအခဲနဲ့ ပို့တာ မရှိသလောက် ဖြစ်သွားတာပေါ့ခင်ဗျ”

လွန်ခဲ့သည့် နှစ်လခန့်က ရေးမြို့နယ် အစင်နှင့် ဇီးဖြူသောင်ကျေးရွာကြား ရေးမြစ်ဝရှိ ဆိပ်ကမ်းမှ လာသော ကားသုံးစီးတွင် လက်နက်နှင့် စစ်သားများ တင်ဆောင်လာသည်ကို သိရကြောင်း NUG ရေးမြို့နယ် ထောက်ပို့အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇီးဖြူသောင်ကျေးရွာ အနောက်ဘက် ၅ မိုင်ခန့်အကွာ ပင်လယ်ဝရှိ ဝါးကျွန်းတွင်လည်း စစ်သင်္ဘောတစ်စီး လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဆိုက်ကပ်ထားကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် ရာမည UG ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

စစ်သင်္ဘောနှင့် မလှမ်းမကမ်းတွင် နောက်ထပ် သင်္ဘောတစ်စီးလည်း ရှိပြီး အချုပ်သားများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများကို ပို့ဆောင်ပေးနေသည်ဟုလည်း ဆိုသည်။

မွန်ပြည်နယ်အစွန်ဆုံးတွင် တည်ရှိသည့် ရေးမြို့နယ်သည် တောင်ဘက်တွင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့သည် မွန်ပြည်တော်လှန်ရေးတပ် MSRF, မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO, ရေးပြောက်ကျားတပ်ဖွဲ့ YGF, ရေးဘီလူးတပ်၊ ရေးလေတပ် YAF, ရေးကာကွယ်ရေးတပ် YDF, Ye Special Task Force YSTF, ABSDF တပ်ရင်း ၁၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တို့ လှုပ်ရှားရာဒေသဖြစ်သည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစ၍ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်ယာဉ်များ တိုက်ခိုက်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ထိုလမ်းပိုင်း၏ ကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးသည့်နေရာတချို့၌ စစ်ကောင်စီနှင့် ဆက်စပ်သူများ ဖမ်းဆီးခံရသည်အထိ ဖြစ်လာသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ရပ်ဆိုင်းသွားသည့် အထဲတွင် မီးရထားလမ်း သယ်ယူပို့ဆောင်ရေးကဏ္ဍလည်း ပါဝင်သည်။

ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ပြန်လည်ပြေးဆွဲနိုင်ပြီ ဖြစ်သော်လည်း မော်လမြိုင်-ရေး လမ်းပိုင်းမှာ ရပ်ဆိုင်းထားရဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button