သတင်း

ငါန်းဇွန်တွင် ဒရုန်းဗုံးထိသည့် စစ်တပ်က ရွာသား ၅၀ ခန့်ကို ဖမ်းဆီးနှိပ်စက်

ဧရာဝတီမြစ်တောင်ဘက်ကမ်းရှိ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တွင် ယခုလ ၁ ရက်နေ့က ဗုံးတပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဒေသခံရွာသား ၅၀ ထက်မနည်းကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

မြို့အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ငါန်းဇွန်နှင့် ငါးမြှာကားလမ်းဘေး သားကျင်ရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲထားသည့် အင်အားရာဂဏန်းရှိ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံးချ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရသည်။

ယခုလ ၃ ရက်နေ့တွင် စစ်တပ်က နေအိမ်များကို ဝင်မွှေကာ မြင်မြင်သမျှ အမျိုးသားတိုင်းကို ဖမ်းဆီးစစ်ဆေးနေရာ လူ ၅၀ ခန့် ဖမ်းခံထားရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးနှင့် ကာကွယ်တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၄) တွင် ၂၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အသက် ၆၀ ကျော်အရွယ် အပါအဝင် တောင်ယာလုပ်ငန်းခွင် သွားသူများပါမကျန် တွေ့သမျှလူကို ဖမ်းဆီးကာ ရွာလယ်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် မျက်နှာအဝတ်စည်း၍ ရိုက်နှက်စစ်ဆေးနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံရွာသားက ပြောသည်။

“မျက်နှာကို အဝတ်စည်းထားတယ်။ (PDF တွေအကြောင်း) မေးတဲ့အခါမှာ ရွာကလူတွေက မသိတော့ မသိဘူး ပြောကြတာ။ ခင်ဗျားတို့ ရွာမှာဖြစ်တာတောင်မှ မသိဘူးဆိုတော့ ခင်ဗျားတို့က ဘာကောင်တွေတုန်းဆိုပြီး ပြောတယ်” ဟု အထက်ပါ ရွာသားက ဆက်ပြောသည်။

“၅၀ ကျော် ၆၀ ကျော်တွေလည်း ပါတာကိုး။ အသက်ကြီးတွေကို မရိုက်ဘူး။ ၃၀ နဲ့ ၄၀ အရွယ်ကတော့ မင်းတို့က ဘာလို့ မသိရတာတုန်းဆိုပြီး (ရိုက်တယ်)။ အဲ့လိုဖြစ်တာ”

ဖမ်းဆီးထားသူတချို့ကို မြို့ပေါ်သို့ ခေါ်ဆောင်သွားသလို သင်္ကာမကင်းဖြစ်သည့် နေရာများကို ဝင်ရောက်စစ်ဆေးစဉ်တွင်လည်း လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း၊ စစ်တပ်ရန်ကြောင့် ရွာမှ အမျိုးသားတိုင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထိုဒေသခံက ဆက်ပြောသည်။

သားကျင်ရွာတွင် အထိုင်ချသည့် စစ်တပ်သည် မန္တလေးနှင့် တံတားဦးမြို့ဘက်မှ ဝင်ရောက်လာသည်ဟု ယူဆရသော်လည်း မည်သည့်တပ်ရင်း၏ လက်အောက်ခံဖြစ်သည်ကို မသိရကြောင်း၊ ပြန်လွတ်မလာသေးသည့် ရွာသားများ၏ အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

အိမ်ခြေထောင်ချီရှိသည့် သားကျင်ရွာကို စစ်ကောင်စီတပ်က မကြာခဏ ရောက်လာတတ်သည်၊ ယခုအခါ ရွာ၌ စစ်သားအင်အား ၂၀ ကျော် နောက်ချန်ထားကာ ကာကွယ်ရေးအဖွဲ့များ ခိုအောင်းသည်ဟု ယူဆရသည့် နယ်မြေများကို ဖြန့်ခွဲစစ်ကြောင်းထိုးနေသည်ဟု သိရသည်။ 

တော်လှန်ရေးတပ်များ၏ ဒရုန်းဗုံးများသည် စစ်ကောင်စီလက်နက်ကိုင်တို့အတွက် အိမ်မက်ဆိုးဖြစ်လာခဲ့သည် (ဓာတ်ပုံ – CDSOM)

ဆက်လက်ဖမ်းဆီးခံထားရသည့် သားကျင်ရွာသားများကို စစ်သားများက အစာနှင့် ရေ မပေးဘဲ စစ်ကြောနေသည်ဟု သတင်းရရှိကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ဖမ်းခံထားရသူတွေ) ရှေ့ဆက် ဘာဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရဘူး” ဟု သူက ပြောသည်။

စက်တင်ဘာပထမပတ်အတွင်း ငါန်းဇွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၊ စစ်တပ်သတင်းပေးဟု ယူဆရသူများကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆက်တိုက် တိုက်ခိုက်ခဲ့သလို အာဏာသိမ်းစစ်တပ်ကလည်း အင်အားတိုးမြှင့်ကာ တန်ပြန်စစ်ကြောင်းထိုးနေသည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် မြစ်သာ ခြားသည့် ငါန်းဇွန်းမြို့နယ်သည် မန္တလေးတိုင်းကို စစ်မီးမကူးစေရန် စစ်ရေးခံစစ်ပြင်ရသည့် ဒေသဖြစ်ခြင်းကြောင့် အခြားဒေသနှင့် မတူသည့် ရက်ရက်စက်စက်ဖိနှိပ်လာကြောင်း သူက ဆိုသည်။

“အိမ်ခြေ ၆၀ လောက် မီးရှို့ခံရတာတွေ၊ ပြည်သူပေါင်းများစွာ အဖမ်းခံရတာတွေ တစ်မြို့နယ်လုံးနီးပါးမှာ ဖြစ်သွားတယ်။ ငါန်းဇွန်ရဲ့ အနေအထားက စစ်ရေးအဓိကကျတဲ့နေရာဖြစ်တဲ့အတွက် ငါန်းဇွန်က အများကြီး ထိခိုက်နေတယ်။ ပြည်သူက အများကြီး ဒုက္ခရောက်နေတယ်” ဟု သူက ဆက်ပြောသည်။

ရှိရင်းစွဲစစ်ကြောင်းများက မြို့နယ်အနှံ့ ဖြန့်ခွဲစစ်ကြောင်းထိုးနေသလို အင်အားဖြည့်တင်းမှုလည်း ရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒေသများ၌ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားတို့ကို ပစ်မှတ်ထားဖမ်းဆီးမှုများရှိနေကြောင်း၊ သြဂုတ် ၁၄ တွင် ငါန်းဇွန်မြို့နယ်မှ မြင်းမူမြို့နယ်ဘက်သို့ စစ်ဘေးရှောင်သည့် ဒေသခံ ၄ ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီက ငါန်းဇွန်မြို့ စစ်ရေးအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button