
နိုင်ငံမြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးမှ နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်များကို မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့များက အပြင်းအထန်ခုခံနေသည်။
ထိုဒေသတွင် ဇူလိုင်လကတည်းက စစ်ကောင်စီ အင်အား ရာနှင့်ချီ ရောက်နှင့်ပြီးဖြစ်ကာ လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အင်အား ၁၀၀ ကျော် ထိုစစ်ကြောင်းများထံသို့ ထပ်မံ လာရောက်ချိန်တွင် လမ်းတစ်လျှောက်၌ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
ထိုစစ်ကူအဖွဲ့ နမ်ဆန်ယန်ရွာ၏ မြောက်ဘက် မိုင် ၂၀ ကျော်အကွာ ဒဘတ်ယန်ကျေးရွာအနီးသို့ ရောက်နေချိန် တောတွင်း၌ ယမန်နေ့ (စက်တင်ဘာ ၄) အထိ တိုက်ပွဲဆက်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြစ်ကြီးနားဘက်က ထိုးလာတဲ့ စစ်ကြောင်းတွေကတော့ ဒဘတ်ယန်၊ ဂျာပူဘက်မှာ ရောက်နေတယ်၊ ဒဘတ်ယန်နဲ့ ဂျာပူကြားမှာ တိုက်ပွဲတွေဖြစ်တယ်၊ ဒီနေ့လည်း လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်တဲ့ အခြေအနေရှိပါတယ်။ သူတို့လည်း ဂျာပူဘက်ကို မရောက်ဘဲနဲ့ ဒဘတ်ယန်နဲ့ ဂျာပူကြား တောထဲမှာပဲ ရှိနေတုန်းဖြစ်ပါတယ်”
ဒဘတ်ယန်အနီး တိုက်ပွဲဖြစ်ပွားသံများကို မိုင်အနည်းငယ်အကွာတွင် ရှိသည့် ကဇူးယန်ကျေးရွာမှပင် ကြားနေရကြောင်း၊ နေ့စဉ် နံနက်အစောပိုင်းမှစတင်ကာ ည ၉ နာရီခန့်အထိ ကြားနေရကြောင်း ထိုရွာသို့ စစ်ရှောင်ရန် ရောက်ရှိနေသည့် နမ်ဆန်ယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း လက်နက်ကြီးသံတချို့ကို ကြားနေရဆဲဖြစ်သည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။
“မနေ့ကတော့ လက်နက်ကြီးပစ်တာ စိပ်တယ်။ စက်သေနတ်သံတွေလည်း ကြားနေရတယ်။ ဒီနေ့မနက်တော့ မနက် ၉ နာရီလောက်က စပြီး လက်နက်ကြီးပစ်တယ်။ မနေ့ကလောက်တော့ မစိပ်တော့ဘူး။ သေနတ်သံလည်း မကြားရတော့ဘူး”
လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်သာ ဝေးပြီး အဓိကဝင်ပေါက်သဖွယ်ဖြစ်နေသည့် နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်မှာ နှစ်လဝန်းကျင်ရှိလာသော်လည်း ယနေ့အထိ ထိုဒေသကို KIA တပ်များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။
မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်တွင် ရှိပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျသည့် နမ်ဆန်ယန်ရွာမှ ဒေသခံများမှာ တိုက်ပွဲများပြင်းထန်လာခြင်း၊ စစ်လေယာဉ် လာရောက် တိုက်ခိုက်ခြင်းတို့ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ လိုင်ဇာနှင့် အနီးအနားကျေးရွာများတွင် စစ်ရှောင်နေကြရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို စစ်သင်တန်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့နေသည့် KIA ကို စစ်ကောင်စီက စစ်ရေးအရ ဖိအားပေးနေခြင်းဖြစ်သည်။
ဩဂုတ် လကုန်ပိုင်းက ဗန်းမော်မြို့မှ နန်ဆန်ယန်ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တပ်များက လမ်းတစ်လျှောက် ကြားဖြတ် တိုက်ခိုက်နေသည့်အတွက် ဒေါ့ဖုန်းယန်မြို့တွင် ရပ်တန့်နေကြောင်း၊ ထိုစစ်ကြောင်းမှ စစ်ကောင်စီ လက်နက်ကိုင်တို့ သေဆုံး၊ ဒဏ်ရာရသူ အများအပြားရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“အဲဒီဘက်မှာ သူတို့တွေ တော်တော်လေး အထိနာတဲ့ သတင်းတွေရပါတယ်။ ကျသွားတဲ့သူတွေရှိတယ်။ ဒဏ်ရာရတဲ့ သူတွေရှိတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေကတော့ ဒေါ့ဖုန်းယန်ဘက်ကို ရောက်သွားပြီ။ အဲဒီကနေတစ်ဆင့် ဗန်းမော်ဘက်ကို ဆေးရုံပို့ဖို့ ပြန်ဆင်းသွားတယ်ဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ရပါတယ်”
လတ်တလောတွင် နမ်ဆန်ယန်ရွာအနီးသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များအားလုံး ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ခယာတောင်တွင် တပ်စွဲထားသည့် စစ်တပ်က နမ်ဆန်ယန်၊ မဒီးယန်နှင့် အောင်ဂျာကျေးရွာများအနီးသို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီက လိုင်ဇာကို ထိုးစစ်ဆင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်တချို့ကို လက်နက်ကြီးသင်တန်းပေးခဲ့သည်၊ မန္တလေးမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းသို့ ပို့ဆောင်နိုင်ရန် ကြိုးစားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတချို့ကို ဖြေကြားထားသည်။
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် ပြည်မမှ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIA ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသလို စစ်ကောင်စီတပ်ကလည်း ကချင်ပြည်နယ်အတွင်း ထိုးစစ်များ ပိုမိုဆင်နွှဲနိုင်ရန် ကြိုးစားနေသည်။
အထက်ပါ တိုက်ပွဲများနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးပေ။ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ကချင်တိုက်ပွဲများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)