မြန်မာ့သယံဇာတတူးဖော်ရေးကုမ္ပဏီများကို အမှန်တကယ်ထိန်းချုပ်ပိုင်ဆိုင်ထားသူများ၏ အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို အများပြည်သူ သိရှိအောင် ထုတ်ဖော်ကြေညာပေးရန်လိုအပ်သည်ဟု သဘာဝပတ်ဝန်းကျင်အရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Global Witness အဖွဲ့က ဝေဖန်ပြောဆိုလိုက်သည်။
အဆိုပါကုမ္ပဏီများကို ထိန်းချုပ်ပိုင်ဆိုင်ထားသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူထံ ချပြခြင်းဖြင့် အာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုအားကောင်းလာစေရန် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း Global Witness အဖွဲ့၏ ဇူလိုင် ၂၂ ထုတ် “Out of the Shadows” အစီရင်ခံစာတွင် ဖော်ပြထားသည်။
သယံဇာတူးဖော်ရေးကုမ္ပဏီများသည် အကျိုးအမြတ်များစွာရရှိနေသော်လည်း ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်မှုမရှိသေးကြောင်း လေ့လာထားသော အစီရင်ခံစာဖြစ်သည်။
ထို့သို့ ကြေညာခြင်းမရှိပါက နိုင်ငံရေးနှင့် ပတ်သက်ဆက်နွှယ်နေသော လုပ်ငန်းပိုင်ရှင်များသည် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေရင်းများနှင့် အခြားလုပ်ဖော်ကိုင်ဖက်များကို လုပ်ငန်းပိုင်ရှင်အဖြစ် အမည်ခံခိုင်းပြီး ၎င်းတို့၏ ပါဝင်မှုနှင့် ငွေကြေးအမြတ်အစွန်းစီးဆင်းမှုများကို ဖုံးကွယ်ထားနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို တပ်မတော်ခေါင်းဆောင်များ၊ စစ်အစိုးရအဖွဲ့ဝင်ဟောင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အစိုးရကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များ၊ စစ်အစိုးရနှင့်ဆက်စပ်သည့် ခရိုနီကုမ္ပဏီများက နှစ်ကာလကြာရှည်စွာ ချုပ်ကိုင်ကြီးစိုးထားသောကြောင့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များသည် နိုင်ငံအတွက် များစွာအရေးပါသည်ဟု ဆိုသည်။
တပ်မတော်နှင့် ဆက်စပ်နေသော ကုမ္ပဏီများ၏ အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းသည် တပ်မတော်၏ လုပ်ရပ်များအတွက် ပိုမိုထိရောက်သော တာဝန်ယူမှု တာဝန်ခံမှုရှိအောင် တွန်းအားပေးနိုင်သည်ဟု Global Witness အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သယံဇာတတူးဖော်ရေးလုပ်ငန်း (ကော်ပိုရေးရှင်း) များ၏ “အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု” (Beneficial ownership) ဆိုင်ရာ သတင်းအချက်အလက်များကို “ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ၂၀၁၉ ဒီဇင်ဘာလ ၂၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Global Witness၏ စိစစ်လေ့လာချက်များအရ ယင်းလုပ်ငန်း စုစုပေါင်း၏ သုံးပုံ တစ်ပုံကျော်သည် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို တင်သွင်းရာတွင် အချက်အလက် တိကျပြည့်စုံမှုမရှိခြင်း (သို့မဟုတ်) မည်သည့် အချက်အလက် စာရွက်စာတမ်းမျှ တင်သွင်းမှုမရှိခြင်း (သို့မဟုတ်) သတ်မှတ်ရက်ထက် နောက်ကျတင်သွင်းခြင်းတို့ တွေ့ရှိရသည်ဟု ဆိုသည်။
ပထမအဆင့်အစီရင်ခံစာတင်သွင်းသည့် ကုမ္ပဏီ ၁၆၂ ခုအနက် ကုမ္ပဏီ ၂၄ ခု (၁၅%) သည် လုံးဝတင်သွင်းခြင်းမပြုဘဲ ကုမ္ပဏီ ၁၇ ခု (၁၀%) မှာမူ သတ်မှတ်ရက်ထက် နောက်ကျတင်သွင်းသည်ကို တွေ့ရှိရသည်ဟု Global Witness အဖွဲ့က ဆိုသည်။
ကုမ္ပဏီ ၁၁ ခု (၇ %) က တင်သွင်းသည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်မှာ ပြည့်စုံမှုမရှိသည့်အပြင် ကုမ္ပဏီ ၃ ခုက တရားဝင်ပိုင်ရှင်များကို အကျိုးအမြတ်ရယူပိုင်ဆိုင်သူများအဖြစ် စာရင်းသွင်းဖော်ပြရန် ပျက်ကွက်ခဲ့ကြောင်း ဆိုသည်။
ထို့အတူ အခြားကုမ္ပဏီ ၅ ခုက အဖွဲ့အစည်းပိုင်ရှင်များစာရင်း တင်သွင်းရာတွင် ၎င်းတို့၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများသည် မည်သူတို့ဖြစ်သည်ကို မဖော်ပြထားဘဲ ပြည်ပအစိုးရပိုင် ကုမ္ပဏီ ၃ ခုက တင်သွင်းသော အချက်အလက်များသည်လည်း မပြည့်မစုံဖြင့် တင်သွင်းထားသည်ဟု ဆိုသည်။
Global Witness အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ နိုင်ငံရေးဩဇာရှိသူများနှင့် ပတ်သက်မှုရှိသည့် ကုမ္ပဏီ ၁၀ခု (၆%) ထပ်မံတွေ့ရှိထားပြီး စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ သယံဇာတတူးဖော်မှုကဏ္ဍတွင် ပါဝင်ပတ်သက်မှုကို ထောက်ရှုပါက ယင်းပမာဏမှာ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများရှိရာ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကိုလည်း ပိုင်ဆိုင်သူအစစ်အမှန် ဖုံးကွယ်ထားသည့် ကုမ္ပဏီများက နှစ်ကာလရှည်ကြာစွာ ကြီးစိုးထားပြီး ၎င်းတို့၏ ကျောက်စိမ်းလုပ်ငန်းအမြတ်အစွန်းများက ကချင်ဒေသရှိ ပဋိပက္ခကို တွန်းအားပေးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမြတ်အစွန်းကြီးမားသည့် ကျောက်စိမ်းတူးဖော်ရေးကဏ္ဍကိုလည်း တပ်မတော်နှင့်ဆက်စပ်သောအဖွဲ့အစည်းများ၊ ခရိုနီကုမ္ပဏီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များက အဓိကထိန်းချုပ်ထားသည်ဟု Global Witness က ဆိုသည်။
အထင်ရှားဆုံးအနေဖြင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက် (MEHL) သည် အကျိုးအမြတ်များသည့် စီးပွားရေးလုပ်ငန်းအချို့ကို ပိုင်ဆိုင်ထားသည့်အပြင် သယံဇာတတူးဖော်မှုလိုင်စင် အများဆုံးပိုင်ဆိုင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာအင်ပီးရီးရယ်ဂျိတ်ကုမ္ပဏီနှင့် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီလက်ခွဲများစွာကို ထိန်းချုပ်ထားသည်ဟု Global Witness အဖွဲ့က ဆိုသည်။
ဦးပိုင်က တင်ပြခဲ့သည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုအချက်အလက်များမှာ တိကျမှုမရှိသည့်အပြင် ကုမ္ပဏီ၏ တရားဝင်ရှယ်ယာပိုင်ဆိုင်သူများကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ထုတ်ဖော်ကြေညာထားသည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ ၃ ဦးသည် ရာထူးကြီးမားသည့် အငြိမ်းစားတပ်မတော်အရာရှိများ၊ တာဝန်ထမ်းဆောင်နေဆဲတပ်မတော်အရာရှိများဖြစ်သော်လည်း နိုင်ငံရေးဩဇာကြီးမားသူအဖြစ် ထည့်သွင်းမထားသော ပျက်ကွက်မှုများရှိသည်ဟု Global Witness အဖွဲ့က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီက ထုတ်ပြန်ခဲ့သည့် မြန်မာ့တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (MEITI)အစီရင်ခံစာတစ်ခုအရ ကုမ္ပဏီ ၁၆၂ ခု အနက် နိုင်ငံပိုင်သတ္တုတွင်းလုပ်ငန်း၊ တပ်မတော်ပိုင် ကော်ပိုရေးရှင်းအပါအဝင် ထိပ်တန်းပုဂ္ဂလိကလုပ်ငန်း စုစုပေါင်း ၄၁ ခုက အကျိုးအမြတ်ပိုင်ဆိုင်မှု အချက်အလက်များကြေညာသည့် ပုံစံကို အချိန်မီမတင်သွင်းခဲ့ဟု ဖော်ပြထားသည်။
နိုင်ငံပိုင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ထင်ရှားသည့် လုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် မက်စ်(မြန်မာ) ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၊ ဦးအိုက်ထွန်းပိုင် ရွှေတောင်သတ္တုတူးဖော်ရေးကုမ္ပဏီ စသည်တို့ဖြစ်သည်။
မြန်မာ့စီးပွားရေးဦးပိုင်၏ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်သူများတွင် အကြီးတန်းတပ်မတော်အရာရှိများ ပါဝင်နေသော်လည်း နိုင်ငံရေးဩဇာ ရှိသူများအဖြစ် တင်ပြမထားသည့်အတွက် ကြီးမားသော ကွာဟချက်များ၊ အမှားများ ရှိနေသည်ဟု MEITI အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် လက်ပံတောင်းကြေးနီစီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက်နှင့် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီလုပ်ငန်းများတွင် မြှုပ်နှံနေသည့် မြန်မာယန်စီကော့ပါးလီမိတက်တို့မှာလည်း အချက်အလက်များကို အချိန်မီမပေးပို့ခဲ့ပေ။
ယခုလဆန်းပိုင်းက ဖားကန့်၌ ရေမဆေးလုပ်သမား ၂၀၀ ကျော်သေဆုံးခဲ့သည့် မြေပြိုကျမှုဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၏ ပဋိပက္ခနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာပြဿနာကို ရှင်းလင်းရန် အစိုးရအတွက် သတိပေးနှိုးဆော်ချက်ဖြစ်သည်ဟု Global Witness အဖွဲ့က ဆိုသည်။