သတင်း

မူဆယ်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ ဩဂုတ်လ ၂၉ ရက်နေ့ တိုက်ပွဲများကြောင့် ကျေးရွာ ၈ ရွာမှ လူဦးရေ (၂) ထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြသည်။

ထိုနေ့နံနက် ၈ နာရီခန့်က မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး စယ်လန့်ကျေးရွာအုပ်စု ဂေါင်ရာရွာဟောင်းအထက်ရှိ TNLA တပ်စခန်းတစ်ခုဘက်သို့ ချီတက်လာသည့် အင်အား ၁၀၀ ကျော်ထဲတွင် တပ်မ (၉၉) လက်အောက်ခံ ခြေမြန်တပ်ရင်း အမှတ် ၄၂၀ နှင့် ၄၁၇၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။

ဒေသအခေါ် လွယ်တေမိန်းတောင်တွင် ခြေကုပ်ယူထားသည့် TNLA နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီဘက်က ထိုနေ့ ညနေ ၃ နာရီခန့်တွင် လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

TNLA အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့က ဂေါင်ရာရွာဟောင်းအနီး ချင်းကပ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်က ၎င်းတို့ယာယီတပ်စခန်းရှိရာ စယ်လန့်ကျေးရွာအုပ်စု ဖိုင်ကျောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ တပ်ဆုတ်သွားခဲ့သည်ဟု TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနေ့ည တစ်ညလုံး တိုက်တာ။ ဒီမနက် ၁ နာရီအထိပဲ။ အခုထိ မအိပ်ရသေးဘူး။ သူတို့ စခန်းကို ငါတို့ မသိမ်းနိုင်သေးဘူး“ ဟု စစ်မြေပြင်ရောက် အဆိုပါ TNLAတပ်ဖွဲ့ဝင်က သြဂုတ် ၃၀ ရက်နေ့တွင် ပြောသည်။

တစ်လကျော်ကြာ တပ်စွဲထားသည် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် ပိတ်ဆို့တိုက်ခိုက်ခဲ့နေသည်ဟု သူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ စယ်လန့်၊ နမ့်ကပ် စသည့် ကျေးရွာများထဲကို ကျရောက်ခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရသဖြင့် မူဆယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်၊ လူနေအိမ် ၁၀ လုံးခန့် ပျက်စီးပြီး ၁ လုံး မီးလောင်သွားသည်ဟု သိရသည်။

ဩဂုတ် ၂၉၊ ၃၀ တို့တွင် စယ်လန့်ကျေးရွာအုပ်စုထဲမှ ဂေါင်ရာရွာသစ်၊ မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ နမ့်ကတ်၊ ဖိုင်မောဝ်၊ စယ်လန့်၊ ဖိုင်ကျောင်းကျေးရွာတို့မှ လူဦးရေ ၂,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဆိုသည်။

မူဆယ်မြို့ ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်နဲ့ နမ့်ခမ်းမြို့နယ် တုန်ခွမ်ရွာတို့တွင် ခိုလှုံနေသည်ဟု သိရသည်။

စစ်ရှောင်များ ခိုလှုံရာ နေရာအသီးသီးတွင် ဒေသတွင်းလူမှုကူညီရေးအဖွဲ့များကသာ နေထိုင်ဖို့ အကူအညီပေးနေပြီး စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေသေးသည်ဟု စစ်ရှောင်စခန်းတာဝန်ခံများက ပြောသည်။

“လူက ထပ်တိုးနေတော့ ဆန်တွေ မလုံလောက်သေးဘူး။ အိပ်ရာခင်းတွေ စောင်တွေလည်း အားလုံး မရှိသေးဘူး။ အကူအညီတော့ အများကြီးလိုနေသေးတယ်“ ဟု စစ်ရှောင်စခန်းတစ်ခုမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် တာဝန်ခံတစ်ဦးက ပြောသည်။

နှစ်ဖက်တပ်များ စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ရေးလှုပ်ရှားနေခြင်းကြောင့် ဒေသခံတို့ နေရပ်ပြန်နိုင်ဦးမည်မဟုတ်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်က ဂေါင်ရာရွာအထက်ရှိ TNLAတပ်စခန်းကို သြဂုတ် ၂ ရက်နေ့ကလည်း ထိုးစစ်ဆင်ခဲ့ဖူးသည်။

ထိုစဉ်က ထိုးစစ်ဆင်သူတို့ အထိနာပြီး လက်နက်အများအပြား ဆုံးရှုံးသွားသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၉ နေ့လယ်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်အကြား ခိုမုန်းကျေးရွာအနီး TNLA ရှိရာ လွယ်နောတောင်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ သြဂုတ် ၃၁ ရက်နေ့ထုတ် သတင်းစာများတွင်မူ TNLA က ကွတ်ခိုင်မြို့၊ နန့်ဖတ်ကာကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားသည်ဟု ဖော်ပြထားသည်။

သေဆုံး၊ ဒဏ်ရာရမှု အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button