မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်တွင် အခြေစိုက်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် ဩဂုတ် ၂၆ ရက်မှစ၍ စစ်ကောင်စီနှင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်နေသည်ဟု စုံစမ်းသိရှိရသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့် စစ်ကူများပါသည့် သင်္ဘော ၉ စီး လိုင်ဇာမြို့တောင်ဘက် မိုင် ၅၀ ကျော်သာ ဝေးသည့် ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဩဂုတ် ၁၉ ရက်နေ့က ဆိုက်ကပ်ပြီး နောက်ပိုင်းတွင် စစ်ကောင်စီက လိုင်ဇာအနီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားနေရာ KIA က ခုခံနေသည်။
ထိုလမ်းပိုင်းမှတစ်ဆင့် စစ်ကောင်စီ မြေပြင်အင်အား ၁၀၀ ခန့်က စစ်သုံးထရပ်ကား ၄ စီးဖြင့် လက်နက်ခဲယမ်းများသယ်ဆောင်၍ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြောက်ဘက် ၁၂ မိုင်ခန့်သာ ဝေးသည့် နမ်ဆန်ယန်ရွာသို့ တက်လာရာ လမ်းတစ်လျှောက်တွင် တော်လှန်ရေးအဖွဲ့နှင့် တိုက်ပွဲများ သုံးရက်ဆက် ဖြစ်ပွားနေသည်။
စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ (ဩဂုတ် ၂၈) မွန်းလွဲပိုင်းက ဒေါ့ဖုန်းယန်မြို့သို့ မရောက်ခင် လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ် လိုရာသို့ မရောက်သေးဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သင်္ဘောတွေကတော့ ပြန်ပြီးတော့ (မန္တလေးကို) စုန်သွားပြီ။ သူတို့သယ်လာတဲ့ စစ်လက်နက်တွေ စားနပ်ရိက္ခာတွေကိုတော့ ဗန်းမော်ဘက်ကနေ ကားနဲ့ လူနဲ့ သယ်ပြီးမှ လိုင်ဇာ၊ နမ်ဆန်ယန်ဘက်ကို တက်လာတာ ဖြစ်မှာပါ၊ မနေ့က စပြီးမှ ဗန်းမော်ဘက်ကနေ လှုပ်ရှားလာတာ”
အဆိုပါ စစ်ကောင်စီ စစ်ကူစစ်ကြောင်း မရောက်မီ ဩဂုတ် ၂၆ ရက်ကတည်းက နန်ဆန်ယန်နှင့် အနီးတစ်ဝိုက်တွင် KIA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသဖြင့် စစ်ကောင်စီက တိုက်လေယာဉ်များပါ သုံး၍ တုံ့ပြန်နှင့်ပြီးဖြစ်သည်။ လိုင်ဇာနှင့် အမြောက်တစ်ကမ်းသာ ဝေးသည့် နန်ဆန်ယန်တွင် တပ်စွဲနိုင်ရန် စစ်အင်အား ရာချီသုံး၍ ဇူလိုင်လဆန်းမှစ၍ အပြင်းအထန်ကြိုးစားနေပြီး ယခု စစ်ကူများ ထပ်မံ စေလွှတ်လိုက်ခြင်းဖြစ်သည်။
သို့သော် မြစ်ကြီးနားနှင့် ဗန်းမော်မှ တက်လာသည့် စစ်ကြောင်းအားလုံး နှစ်လဝန်းကျင် ရှိလာသည်အထိ နမ်ဆန်ယန်ရွာအနီးသို့ပင် မကပ်နိုင်သေးပေ၊ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရသည့် ထိုတပ်များ ခဲယမ်း၊ ရိက္ခာ ပြတ်တောက်နေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
ထိုဒေသသို့ လေကြောင်းပါ သုံး၍ စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူက “ထိုးစစ်ဆင်ချင်လို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ ပုံစံမျိုးနဲ့ ပစ်တာလည်း ဖြစ်နိုင်တာပေါ့၊ သူတို့ အထိနာလို့လား မသိဘူး” ဟု ပြောသည်။
တိုက်ပွဲကာလ ဗုံးအကြိမ်ကြိမ် အကြဲခံထားရသည့် နမ်ဆန်ယန်ရွာမှ ဒေသခံများမှာ နီးစပ်ရာ ကျေးရွာများနှင့် ဝိုင်းမော်၊ မြစ်ကြီးနား၊ လိုင်ဇာမြို့များသို့ တိမ်းရှောင်နေကြရသည်ဟု အသက် ၃၀ ကျော်အရွယ် နမ်ဆန်ယန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခုထိကတော့ ရွာကို ပြန်နိုင်မယ့် အခြေအနေ မမြင်မိသေးဘူးလို့ပဲ ပြောရမယ်။ ဗုံးလည်း ခဏခဏ ကြဲထားတော့ ရွာကအိမ်တွေ ဘယ်လိုနေလဲဆိုတာ စိတ်ပူနေရတယ်”
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ရာမှ လက်နက်ကိုင်ခုခံတော်လှန်မှုမှာ ဒေသအများအပြားတွင် ပေါ်ပေါက်လာသည်။
လက်နက်ကိုင်တော်လှန်လိုသည့် ပြည်မမှ လူငယ်များကို KIA က စစ်သင်တန်းပေး၊ လက်နက်ခဲယမ်းများ ကူညီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်နေ၍ စစ်ကောင်စီကလည်း KIA ကို တရစပ် ဖိအားပေးနေသည်။
ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အချို့မြို့နယ်များ၌ပင် KIA တပ်များက တော်လှန်ရေးတပ်များဘက်မှ ကူညီတိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက လိုင်ဇာကို ရန်ရှာလာခြင်းဖြစ်သည်။
လိုင်ဇာကို ထိုးစစ်ဆင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တချို့ကို လက်နက်ကြီးသင်တန်းများပေးကာ မန္တလေးမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းသို့ ပို့နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတချို့ကို ပြောခဲ့ဖူးသည်။
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊ စစ်ကောင်စီ ကျဆုံးခန်း နီးနေပြီဟု KIA ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။
အထက်ပါ တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသလို နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် အသေးစိတ်အခြေအနေများကို အတည်ပြုရန် ခက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)