သတင်း

ရှမ်းမြောက်တွင် စစ်ကောင်စီက အင်အားရာဂဏန်းဖြင့် ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စခန်းများကို ယမန်နေ့ (ဩဂုတ် ၂၈) တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းဖြင့် လာရောက်တိုက်ခိုက်သည်ဟု သိရသည်။

ကွတ်ခိုင်နဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြားရှိ TNLA၊ KIA စခန်းများကို စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ပြည်သူ့စစ်အဖွဲ့ပေါင်း၍ အင်အား ရာဂဏန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

မန္တလေးတိုင်း မိတ္ထီလာမြို့အခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မလက်အောက်ခံ တပ်ရင်းများနှင့် မူဆယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့မှ ပူးပေါင်းအင်အား ၂၀၀ ခန့်ကို ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာဟောင်းအနီး တစ်နေကုန် ခုခံခဲ့ရသည်ဟု ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့သည့် TNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုနေ့ နံနက် ၉ နာရီခန့်မှစ၍ ညနေ ၅ နာရီကျော်အထိ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ သုံးကာ ထိုးစစ်ဆင်သဖြင့် တပ်ဆုတ်ပေးလိုက်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ တပ်ဖွဲ့က အဲ့ဒီအနီးတစ်ဝိုက်မှာ လှုပ်ရှားတာ သုံးရက်လောက် ရှိပြီ။ ရွာဟောင်းမှာ ယာယီထိုင်နေတာပေါ့။ သူတို့ဘက်က ပြည်သူ့စစ်နဲ့ လူအင်အားသုံးတယ်။ တိုက်ပွဲကတော့ တစ်နေကုန်နီးနီးကို ကြမ်းခဲ့တယ်”။

အလားတူပင် ယမန်နေ့ မွန်းလွဲချိန်တွင် ခိုမုန်းကျေးရွာနှင့် တစ်ဆက်တည်းရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး နမ့်အွမ်ရွာအနောက်ခြမ်းရှိ KIA စခန်းကုန်းကို စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်သဖြင့် ညနေ ၃ နာရီကျော်အထိ တိုက်ပွဲဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲမှာ နမ့်အွမ်ရွာနှင့် သုံးမိုင်ခန့် ဝေးသည့် ဒေသအခေါ် လွယ်ဖောင်းတောင်ကုန်းနှင့် အနီးတစ်ဝိုက်ဖြစ်သော်လည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်အွမ်ရွာမှ ၎င်း၏ နေအိမ်အပါအဝင် ပြည်သူပိုင်အိုးအိမ်တချို့ ပျက်စီးမှုရှိသည်ဟု ၎င်းထံမှ သိရသည်။

“တောင်ပေါ်မှာတော့ သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားရတယ်။ တစ်လုံးက ကျွန်မတို့ အုတ်တံတိုင်းမှာ ကျတော့ ရေချိုးခန်း အိမ်ခေါင်မိုးတွေ ပျက်စီးကုန်တယ်။ လူမထိလို့ တော်သေးတယ်”။

ထိုတောင်ကုန်းမှ KIA တပ် ဆုတ်ခွာပေးရခြင်းရှိမရှိ၊ TNLA၊ KIA နှင့် စစ်ကောင်စီတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်၊ သေဆုံးမှုနှင့် အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။

ဒေသတွင်းသတင်းများအရ နမ့်အွမ်ရွာအနီးတိုက်ပွဲတွင် KIA နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အရာရှိ၊ စစ်သည် ၈ ဦးသေ၊ ၁၆ ဦး ဝန်းကျင် ဒဏ်ရာရကြောင်း သိရသည်။ စစ်ကောင်စီကမူ နှုတ်ဆိတ်နေသည်။

ကွတ်ခိုင်နဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား ဂေါင်ရာရွာအနီးရှိ TNLA စခန်းကို ယနေ့ (ဩဂုတ် ၂၉) တွင် စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေ၍ နှစ်ဖက်ပစ်ခတ်မှုတချို့ ရှိနေသည်ဟု စုံစမ်းသိရှိရသော်လည်း အသေးစိတ်မသိရသေးပေ။

၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်သူများထဲတွင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ဝါရင့်တော်လှန်ရေးအဖွဲ့နှစ်ခုဖြစ်သည့် KIA နှင့် TNLA တို့သည်လည်း ထိပ်တန်းမှ ပါဝင်သည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ပြန်လည်ခုခံရန် စိတ်ဆန္ဒပြင်းပြသူများကို KIA နှင့် TNLA တို့က ဖေးမကူညီမှုများရှိသလို စစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာမျက်နှာစာမျိုးစုံတွင် အခက်တွေ့အောင် လုပ်နေသည့် NUG နှင့်လည်း လက်တွဲနေကြသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိနေချိန်အထိ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက NUG နှင့် PDF များကို ကူညီနေသည့် KIA နှင့်TNLA ထိန်းချုပ်ရာဒေသများကို ထိုးစစ်ဆင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းနေသော်လည်း ထင်ရှားသည့် အောင်မြင်မှုမျိုး မတွေ့ရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button