မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် အင်အားထပ်ဖြည့်လာသည့်အတွက် ရာနှင့်ချီသည့် ဒေသခံအရှိုချင်း တိုင်းရင်းသားများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။
ဩဂုတ် ၂၃ ရက်နေ့က ရွာသစ်ရွာနှင့် ကြို့ဝရွာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်နာရီနီးပါးကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သော အဖွဲ့တစ်ခုဖြစ်သည့် သရက်ခရိုင်တပ်ရင်း (၄) Eagle Force က ပြောသည်။
ယင်းနောက် ရွာသစ်ရွာနှင့် ၈ မိုင်ခန့် ဝေးသည့် ယင်းကောက်ရွာတို့တွင် စစ်ကောင်စီက နှစ်ဖွဲ့ခွဲပြီး အင်အားတိုး တပ်စွဲလာခဲ့သည်။
တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များရန်ကြောင့် ရခိုင်ပြည်နယ်နှင့် မင်းတုန်းမြို့နယ်ကြား အရှိုချင်းကျေးရွာများဖြစ်သည့် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ရွာသစ်ရွာ၊ အိမ်ခြေ ၅၀ ခန့်ရှိ ငပြင်းရွာတို့မှ ဒေသခံ ၃၀၀ ကျော် တိမ်းရှောင်နေရခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာသစ်ရွာဒေသခံများမှာ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း ယင်းကောက်ရွာ ဒေသခံများမှာမူ ကျေးရွာထဲ ပိတ်မိနေသည်ဟု သိရသည်။
“ယင်းကောက်က ရှောင်ချိန်မရဘူး။ ၂၃ ရက်နေ့မှာ ရောက်ပြီးတော့ ရွာသူရွာသားတွေကို တစ်နေရာမှာ စုပြီးတော့ ဖုန်းတွေသိမ်းထားတယ်။ ညနေ ၆ နာရီဆို အပြင်မထွက်ခိုင်းတော့တာ ရှိတယ်” ဟု သရက်ခရိုင်တပ်ရင်း (၄) Eagle Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တိုက်ပွဲအပြီး ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားချိန်တွင် စစ်ကောင်စီလက်နက်ကိုင်များက ရွာသစ်ရွာကို စီးနင်းမွှေနှောက်ပြီးနောက် ရွာအတွင်း ပိတ်မိကျန်ရစ်သည့် ဒေသခံ ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ အဖမ်းခံရသူများ၏ နောက်ဆက်တွဲအခြေအနေများကို မသိရသေးပါ။
ဩဂုတ် ၂၃ ရက်နေ့ တိုက်ခိုက်မှုကို သရက်ခရိုင် ပြည်သူ့ကာကွယ်ရေး အမှတ် (၄) တပ်ရင်း Eagle Force အဖွဲ့၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့ (Wolf) အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဩဂုတ် ၂၄ ရက်နေ့တွင်လည်း ရွာသစ်ရွာသို့ ထပ်မံအင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း Eagle Force တာဝန်ခံက ဆိုသည်။
နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တိုက်ပွဲဖြစ်ပွားရာ ရွာများသည် မင်းတုန်းမြို့နယ် အနောက်ဘက် ၁၀ မိုင်ခန့် အကွာတွင် ရှိပြီး အရှိုချင်းတိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာများဖြစ်သည်။
အရှိုချင်းတိုင်းရင်းသားများမှာ မကွေးတိုင်း မင်းဘူး၊ သရက်၊ မင်းတုန်း၊ ကမ္မ စသည့် မြို့နယ်များ အပါအဝင် ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်တစ်လျှောက် မြို့နယ်များတွင် ပျံ့နှံ့နေထိုင်သည်။
ရခိုင်ရိုးမတောင်တန်း အရှေ့ဘက်ခြမ်းရှိ မင်းတုန်းမြို့သည် တောင်ကုန်းတောင်တန်း ထူထပ်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် တောင်ကုတ်၊ အမ်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ၏ ဇူလိုင်လကုန်ပိုင်း ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုနှင့် ပဋိပက္ခတို့ကြောင့် နိုင်ငံအနှံ့ လူဦးရေ ၁.၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုအထဲတွင် မကွေးတိုင်းမှ နှစ်သိန်းကျော် ပါဝင်ကြောင်း UNOCHA က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)