
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ၆ နှစ်မြောက် ‘ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့’ အခမ်းအနားအဖြစ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ စုပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။ လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဆုံးရှုံးပြီး နိုင်ငံမဲ့ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ အနာဂတ်မရေမရာနဲ့ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ မူလနေထိုင်ရာ ရခိုင်ပြည်နယ်မှာ ပြန်လည်နေထိုင်ခွင့်ရဖို့နဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ကို ဒီကနေ့မှာ အဓိက တောင်းဆိုလိုက်ပါတယ်။