
ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ရေးဗျူဟာမြောက် လက်ခတ်တောင်စခန်းကုန်းကို ပြန်သိမ်းနိုင်ရန် စစ်ကောင်စီက အင်အားဖြည့်နေသလို ဩဂုတ် ၁၉ တွင်လည်း လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ်ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
အမှတ် (၂၀၈) ခြေလျင်တပ်ရင်းက ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးမြင့်ကျော်၏ ဦးခေါင်း လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ဩဂုတ် ၂၂ တွင် ထုတ်ပြန်ထားသည်။
ဩဂုတ် ၂၂ တွင်လည်း ကော့ကရိတ်မြို့နယ်၊ ဝေါ်လေကျေးရွာရှိ ပြောင်းဖူးစိုက်တောင်သူများဖြစ်သော အသက် ၄၀ နှင့် အသက် ၁၈ အရွယ် ဒေသခံအမျိုးသမီး ၂ ဦးသည် အမှတ် (၅၅၉) ခြေမြန်တပ်ရင်း၏ ပစ်ခတ်မှုကြောင့် ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။
လက်ခတ်တောင်စခန်းကုန်းကို ဆုံးရှုံးလိုက်ရသည့် စစ်တပ်သည် မြဝတီ-ကော့ကရိတ် လမ်းတစ်လျှောက်တွင် အင်အားဖြည့်တင်းနေရာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု ကျားဖြူစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့နယ်မြေကို သူတို့ရှင်းမယ်။ ရှင်းပြီးရင် စစ်ကူတွေဘာတွေ ပို့ဖို့၊ ထောက်ပို့တွေ လုပ်နိုင်ဖို့ သူတို့ အဝင်အထွက် အသွားအလာ၊ သူတို့တပ်တွေ တပ်ရွှေ့ဖို့ လွယ်အောင်လို့ ရှင်းချင်တယ်လို့တော့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဩဂုတ် ၁၆ မှ စတင်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေရာ ကော့ကရိတ်မြို့အနီးရှိ ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီပြီး စစ်ရှောင်နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“ဒီနယ်မြေတွေက KNU-KNLA စိုးမိုးခဲ့တဲ့ နယ်မြေတွေဖြစ်တယ်။ ခုခေတ်ကာလ နိုင်ငံရေးစစ်ရေးအခြေအနေအရ ဒီနယ်မြေတွေကို ကိုယ့်တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးဖို့ အခြေအနေရောက်လာပြီမို့ ပြန်လုပ်ရတဲ့ သဘောပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
ထိုတိုက်ပွဲများတွင် KNLA-PDF ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KNLA တပ်ရင်း ၂၇၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ပျံလွှားတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်နေပြီး ကော့ကရိတ်-မြဝတီလမ်းတစ်လျှောက်တွင် နယ်မြေစိုးမိုးထားနိုင်သည်ဟု သိရသည်။
ထိုတိုက်ပွဲများအတွင်း ဩဂုတ် ၁၈ တွင် စစ်တပ်လက်အောက်ခံ ခမရ – ၅၄၆ တပ်မှ ဗိုလ်ကြီး အောင်ကောင်းမာန် သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည်၊ ဩဂုတ် ၁၉ တွင်လည်း ခလရ-၂၀၈ မှ အရာရှိ ၁ ဦးနှင့် တပ်ကြပ် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့ (ဩဂုတ် ၂၂) တွင် KNU က သတင်းထုတ်ပြန်ထားသည်။
KNLA-PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ၂၀၂၂ အောက်တိုဘာ နောက်ဆုံးပတ်တွင် စစ်တပ် စိုးမိုးထားသည့် ကော့ကရိတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးများကို တိုက်ခိုက်ခဲ့သေးသည်။
ထို့နောက် အာဏာသိမ်း စစ်တပ်ဘက်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ကော့ကရိတ်မြို့ အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားနိုင်ခဲ့သည်။
ယခုလဆန်းပိုင်းတွင် ကော့ကရိတ်မြို့အဝင်ရှိ အမှတ် (၉၇) ခြေလျင်တပ်ရင်းက အင်အားဖြည့်တင်းနေရာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)