သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က လေလံတင်ရောင်းချခဲ့သည့် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာကဇာတ်ရုံမြေနေရာကို Capital Development ကုမ္ပဏီအမည်ပေါက် ပိုင်ဆိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဂရန်လျှောက်ထားလိုက်ပြီဖြစ်သည်။
ပဒုမ္မာဇာတ်ရုံမြေနေရာ (အဆောက်အအုံနှင့် ဆက်စပ်ဆိုင်ခန်းများအပါ) ကို လေလံရောင်းချရန် ၂၀၁၁ တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့ရာ Capital Development ကုမ္ပဏီက ကျပ် ၅၇ ဘီလျံခန့်ဖြင့် တင်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယခင် ယဉ်ကျေးမှုဝန်ကြီးဌာန) လက်အောက်ရှိ အနုပညာဦးစီးဌာနနှင့် ယင်းကုမ္ပဏီတို့ ၂၀၁၅ တွင် အရောင်းစာချုပ် ချုပ်ဆိုခဲ့သည်။
ပဒုမ္မာဇာတ်ရုံမြေနေရာကို Capital Development ကုမ္ပဏီအမည်ပေါက် ဂရန်လျှောက်ထားမှုနှင့် ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်းကြော်ငြာကို ဇူလိုင် ၁၁ ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ရန်ကုန်မြို့တော်စည်ပင် မြို့ပြစီမံကိန်း လုပ်ငန်းတာဝန်ခံအဖွဲ့က ထည့်သွင်းခဲ့သည်။
တရားဝင်ခိုင်လုံသောအထောက်အထားများဖြင့် ၇ရက်အတွင်း မကန့်ကွက်နိုင်ပါက ဂရန်သစ်လျှောက်ထားမှုကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း အဆိုပါကြော်ငြာစာက ဆိုသည်။
ဂရန်သစ်လျှောက်ထားမှုအတွက် သတ်မှတ်ချက်များကိုက်ညီပါက အမည်ပေါက်ဂရန်သစ်ချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၆) မြေယာကော်မတီဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က Myanmar Now ကိုပြောသည်။
“(သတ်မှတ်ချက်) ညီရင်တော့ ပေးမှာပေါ့ရှင်။ (မြေယာကော်မတီမှာ) လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ စည်ပင်တွေရှိတယ်။ ထွေအုပ်တွေရှိတယ်။ အကုန်လုံးက လုပ်ထုံးလုပ်နည်းနဲ့ညီရင် (ဂရန်သစ်) ပေးမှာပါ” ဟု ဒေါ်သန်းမြင့်အောင်က ပြောသည်။
ရန်ကုန်မြို့တွင် အခြေစိုက်သည့် အစိုးရရုံးများကို လက်ရှိအုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ အစိုးရဝန်ကြီးဌာနများ ပိုင်ဆိုင်သည့် မြေ၊ အဆောက်အအုံအချို့ကို ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လေလံတင်ရောင်းချခဲ့သည်။
ယင်းကဲ့သို့လေလံတင်ရောင်းချရာတွင် စမ်းချောင်းမြို့နယ် ဗားကရာလမ်း ရှင်စောပုရပ်ကွက်ရှိ ပဒုမ္မာဇာတ်ရုံမြေနေရာ၊ အဆောက်အအုံနှင့် ဆက်စပ်ဆိုင်ခန်းအပါအဝင် မြေအကျယ်အဝန်း ၃ ဒသမ ၇၇ ဧကကို Capital Development ကုမ္ပဏီက ကျပ်သန်း ၅၆,၇၇၇ ဒသမ ၇၆ (ကျပ် ၅၇ ဘီလျံနီးပါး) ဈေးဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန (စီမံ) ညွှန်ကြားရေးမှူး ဦးလှခိုင်က Myanmar Now ကိုပြောသည်။
Capital Development က ဝယ်ယူခဲ့သည့် မြေနေရာသည် ပဒုမ္မာကဇာတ်ရုံနေရာ၊ အဆောက်အအုံနှင့် ဆက်စပ်ဆိုင်ခန်းနေရာတို့သာဖြစ်ပြီး ပဒုမ္မာအားကစားကွင်းနေရာ မပါဝင်ပေ။
“နိုင်ငံတော်က ပြန်ပြီးတော့ လေလံပစ်တာပေါ့။ တင်ဒါခေါ်တာက ၂၀၁၁ မှာ ခေါ်တယ်။ တကယ်စာချုပ်ချုပ်ပြီး ရောင်းတာက ၂၀၁၄ လောက်မှာ ဖြစ်မယ်။ တင်ဒါအောင်တာက Capital Development တစ်ခုတည်းပဲ။ ကျွန်တော်တို့ကတော့ Capital Development ကိုပဲ ရောင်းပေးတာ။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ကျွန်တော်တို့ (အနုပညာဦးစီးဌာန) ကို ရောင်းပေးပါဆိုပြီး စာထွက်လို့ ကျွန်တော်တို့က ရောင်းပေးတာ” ဟု ၎င်းက ဆိုသည်။
ကုမ္ပဏီဘက်က တစ်လုံးတစ်ခဲတည်း ငွေပေးချေရခြင်းမဟုတ်ဘဲ နှစ်စဉ်သတ်မှတ်ထားသည့် ငွေပမာဏအချိုးကို ပေးချေပြီး ရငွေအားလုံးကို နိုင်ငံတော်ဘတ်ဂျက်သို့ ထည့်သွင်းရကြောင်း ငွေပေးချေမှုများပြီးပြတ်ပြီးဖြစ်သဖြင့် အမည်ပေါက်ဂရန်လျှောက်ရန် ကုမ္ပဏီဘက်က ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောသည်။
လွန်ခဲ့သည့်သုံးလခန့်တွင် ရန်ကုန်မြို့တော်စည်ပင်က ပဒုမ္မာဇာတ်ရုံမြေနေရာ၌ မြေတိုင်းတာမှုများ လာရောက်ဆောင်ရွက်ခဲ့ကြောင်း စမ်းချောင်းမြို့နယ် ပဒုမ္မာဇာတ်ရုံကွင်းအနီးနေထိုင်သူများက Myanmar Now ကို ပြောသည်။
ပဒုမ္မာဇာတ်ရုံကြီးသည် တစ်ခေတ်တစ်ခါက ဇာတ်ပွဲများဖြင့်စည်းကားခဲ့သည့် အထင်ကရနေရာတစ်ခုဖြစ်ပြီး Capital Development ဝယ်ယူပြီးနောက် မည်သည့်စီမံကိန်း အကောင်အထည်ဖော်မည်ကို မသိရကြောင်း၊ စမ်းချောင်းမြို့နယ် ပြည်သူများကလည်း ပဒုမ္မာဇာတ်ရုံမြေနေရာနှင့် ပတ်သက်၍ တရားဝင်မေးမြန်းမှုမရှိကြောင်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ပြောသည်။
“ဒီနေရာကြီးက ဟိုတုန်းက ပြဇာတ်ရုံလေ။ ပဒုမ္မာပြဇာတ်ရုံက နှစ်များစွာပျောက်ကွယ်သွားခဲ့တယ်။ ပျောက်ကွယ်သွားပြီးတဲ့အချိန်မှာ သူတို့လည်း ရှိနေစေချင်တဲ့ ဆန္ဒတွေရှိပါတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင် မေးတာတော့ မရှိတော့ဘူးပေါ့။ ဟိုဘက်မှာ ဒီလိုလွှဲတယ်ပြောင်းတယ်ဆိုတော့။ လူထုကြားထဲမှာ အသံတွေ ထွက်သွားပြီလေ” ဟု ၎င်းကပြောသည်။
ပဒုမ္မာဇာတ်ရုံကွင်းကို Capital Development က ဝယ်လိုက်ပြီးနောက် မည်သည့်စီမံကိန်းဆောင်ရွက်မည်ကို Myanmar Now က ကုမ္ပဏီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်သည်။
“ကျွန်တော်တို့ Management Team (အုပ်ချုပ်ရေးအဖွဲ့) က လောလောဆယ် (အများပြည်သူ) ကို မဖော်ပြချင်သေးတဲ့ အတွက်ကြောင့်ပါ။ လူကြီးတွေနဲ့ (အုပ်ချုပ်ရေးအဖွဲ့) က ဆုံးဖြတ်ချက်တစ်ခုခု မချရသေးတာမို့ ဖြေဆိုဖို့ လောလောဆယ် အဆင်မပြေသေးဘူး” ဟု Capital Development ၏ မိခင်ကုမ္ပဏီဖြစ်သည့် Capital Diamond Star Group (CDSG) ၏ လူထုဆက်ဆံရေးတာဝန်ရှိသူ ဦးသီဟက Myanmar Now ကို ပြောသည်။
CDSG သည် အစားအသောက်လုပ်ငန်း၊ လက်လီလုပ်ငန်း၊ အိမ်ခြံမြေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ထမ်းပေါင်း ၉,၀၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်နေကြောင်း CDSG ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
CDSG ၏ အုပ်ချုပ်မှုဒါရိုက်တာမှာ ဦးကိုကိုကြီးဖြစ်ပြီး ၎င်းသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (NESAC) အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ကာ ၁၉၉၉ မှ ၂၀၀၅ အထိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။
Capital အဆင့်မြင့်စျေးဝယ်စင်တာ၊ g & g လက်လီအရောင်းဆိုင်၊ ပရီမီယာကော်ဖီ၊ Diamond Star ဂျုံမှုန့်စက်ရုံ၊ အာမိုဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်း၊ JDS ဆေးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ငန်းများ၊ Gem Garden ကွန်ဒိုမီနီယံ၊ Mandalay Finical Center၊ Mall of Mandalay များကိုလုပ်ကိုင်နေပြီး မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် Capital Taiyo Life Insurance အသက်အာမခံလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။