လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းလာသည့် တနင်္သာရီတိုင်းတွင် သြဂုတ်လဆန်းမှ စတင်ကာ စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း၊ မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူ ရာထောင်ချီ ရှိနေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး အပါအဝင် နိုင်ငံတောင်ပိုင်းမှ အဓိကကျသည့် နယ်မြေအများအပြားကို ယခုနှစ်အတွင်း ထိန်းချုပ်လာနိုင်ခဲ့ပြီးနောက် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ဝဇွမ်းတောနှင့် ဧကနိကျေးရွာများသို့ ဩဂုတ် ၁၂ မှ ၁၄ ရက်အတွင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၁၇ လုံးခန့်ကို မီးရှို့သွားကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဇီဝကက ပြောသည်။
အဆိုပါစစ်ကြောင်းသည် သြဂုတ် ၂၀ ညပိုင်းတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းသို့ ရောက်လာသည့်အတွက် တိုက်နယ်အတွင်းရှိ ရွာ ၅ ရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်ဟုလည်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံက ပြောသည်။
“တောင်ပျောက်တိုက်နယ်မှာကတော့ ထားဝယ်ကနေပြီးတော့ ကား ၂ စင်းနဲ့ ဝင်လာတယ်။ အောက်ဘက်ကနေပြီးတော့လည်း ကုန်းကြောင်းနဲ့ တက်လာကြတာလည်း ရှိတယ်။ သဲချောင်းကြီးကို ဝင်တယ်” ဟု သရက်ချောင်း ပ.က.ဖ တာဝန်ခံက ပြောသည်။
“တောင်ပျောက်တိုက်နယ်က ကျေးရွာတွေ တော်တော်များများပေါ့ ဝင်းကဖော်တို့ ကျွဲအိုင်တို့က ရွာလုံးကျွတ် ရှောင်နေကြပြီ။ ကျောက်အိုင်ကတော့ ရှေ့ဘက်တစ်ခြမ်းတော့ ရှိသေးတယ်။ နောက်ဘက်တစ်ခြမ်းကတော့ အကုန်လုံး ရွှေ့ကုန်ကြပြီ”
အလားတူ ဩဂုတ် ၂၀ ညပိုင်းတွင် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပကာရီကျေးရွာဝန်းကျင်သို့ အင်အား ၁၀၀ နီးပါးပါသည့် စစ်ကောင်စီတပ်များ ရောက်လာသဖြင့် သင်္ကန်းတုန်း၊ ဝကုန်း ၊ လိပ်ကြယ် ပြောင်း ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး စစ်ဘေးရှောင်နေရသည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။
စစ်ကောင်စီတပ်များသည် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်တွင်လည်း ထိုးစစ်ဆင်နေပြီး မြိတ်ခရိုင် ပုလောမြို့အနီး ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
ပြည်ထောင်စုလမ်းတစ်လျှောက်တွင် မြိတ်ခရိုင် PDF တပ်ရင်း (၁) က ခုခံတိုက်ခိုက်နေကြောင်း တနင်္သာရီတိုင်း၊ စစ်ဒေသခွဲ၊ စစ်ရေးတာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ဘက် ဆုတ်လိုက်ရတာမျိုး မရှိဘူး။ နယ်မြေ ပိုပြီးတော့ တိုးချဲ့လာနိုင်တဲ့ သဘောမျိုးတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်တပ်က မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းတစ်လျှောက်တွင်လည်း ဩဂုတ် ၁၉ က စပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ တိုးလာရင်တော့ တိုက်ပွဲဖြစ်မှာတော့ သေချာတယ်။ သူတို့ဘက်ကတော့ ပြန်ဆုတ်သွားတယ်။ မြိတ်ခရိုင်မှာဆိုရင် ပုလောနဲ့ တနင်္သာရီ နှစ်နေရာမှာကတော့ ပုံမှန်ကတော့ စစ်တပ်နဲ့ စစ်ကြောင်းထိုးတာ၊ ထိတွေ့တာတွေ ရှိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဩဂုတ် ၉ ရက်နေ့က ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာ ဒေသခံအမျိုးသမီး ၃ ဦးကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ဓားစာခံ ၃ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားလေ့ရှိသည်။
၂၀၂၁ နှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းသည် လက်နက်ကိုင်ခုခံသူ များပြားသလို လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှု ဆက်လက် တည်ရှိနေသည့် ဒေသဖြစ်သည်။
ယနေ့ (သြဂုတ် ၂၂) တွင် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်း လမ်းပေါ်ထွက် ဆန့်ကျင်သူတို့က “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြကြသည်ဟု သိရသည်။
စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက်များကို ဝယ်ယူအားပေးခြင်း မပြုရန် ဆန္ဒပြသူတို့က တိုက်တွန်းခဲ့ကြသည်ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)