သတင်း

လှည့်ကင်းနှင့် တိုးသည့် မန္တလေးမြို့ခံ ၂ ဦး ပစ်ခတ်ခံရ၊ ၁ ဦး သေဆုံး

ယမန်နေ့ (ဩဂုတ် ၂၀) ည ၁၁ နာရီခွဲခန့်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်၊ ၁၂၈ လမ်းနှင့် ၆၂ လမ်းကြားသို့ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၂ ဦးကို စစ်ကောင်စီလှည့်ကင်းက ပစ်ခတ်ရာ ၁ ဦး သေဆုံးသွားသည်။

သေဆုံးသူသည် လမ်း ၆၀၊ ၁၂၄ လမ်းအနီး ပြည်ကြီးတံခွန် (စ) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် ကိုညိုကြီးဖြစ်သည်၊ ဒဏ်ရာရရှိသူမှာ ယင်းရပ်ကွက်မှ ၃၁ နှစ်အရွယ် ကိုချစ်တိုးဝေ ခေါ် ကိုတိုးကြီးဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

“စစ်ကောင်စီရဲ့ လှည့်ကင်းနဲ့ တိုးသွားတာပေါ့။ သူတို့က ညဘက်တွေ အိမ်စီးကားတွေနဲ့ လှည့်တယ်၊ သူတို့ မသင်္ကာရင် ရပ်တန့်စစ်ဆေးတယ်၊ ဖမ်းတာတွေလုပ်တယ်၊ ဆိုင်ကယ် ရပ်မပေးလို့ ပစ်လိုက်တာ။ နောက်မှာ ထိုင်လာသူက လည်ပင်းဖောက်ဝင်ပြီး ဆုံးသွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သားတို့က ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးကို ဆိုင်ကယ်ရပ်တန့်ခိုင်းစေရာ ဓားရှည်ဖြင့် ပြန်လည်ခုခံခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်၊ ကိုညိုကြီးဆိုသူမှာ ဆေးရုံတွင် သေဆုံးသွားသည်ဟု စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရမ် စာမျက်နှာများတွင် ဖော်ပြထားကြသည်။

၎င်းတို့ထံမှ အရိုးအသွား ၁၅ လက်မခန့်ရှိ ဓားတစ်ချောင်း သိမ်းဆည်းရမိကြောင်း ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိရန် မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မြို့တွင်း ဗုံးကွဲမှုများ

ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့သစ် ၇၈ လမ်း၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားရှိ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

ဒဏ်ရာရသူများကို လူမှုရေးကားတစ်စီးဖြင့် ဆေးရုံသို့ တင်ဆောင်သွားသည်ကို မြင်ရကြောင်း၊ စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ထားသော ထိုရုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးများအပါအဝင် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်မြို့ခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရမ်များတွင် လဝကရုံးအတွင်း မှတ်ပုံတင်ပြုလုပ်နေသည့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။

မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့များဖြစ်သော No More Dictatorship People Defense Force (NMD), Demon Revolution Army နှင့် ဂဠုန်ဝါတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား မဖြစ်မနေ လုပ်ဆောင်ရန် ဖိအားပေးနေသော၊ ငွေတောင်းခံကာ လာဘ်စားနေသော ရုံးဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMD က ဆိုသည်။ ပြည်သူထိခိုက်မှု မရှိစေရန် ရုံးဆင်းချိန် ညနေပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူတို့မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများဖြစ်ကြောင်း ပြောက်ကျားအဖွဲ့က ဆိုသည်။

ထိခိုက်ဒဏ်ရာရသူတို့၏ အသေးစိတ်အချက်အလက်ကိုမူ Myanmar Now က စုံစမ်းမရသေးပေ။

NMD သည် ဩဂုတ်လ ၁၆ ညပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြားရှိ ဘန်ကာ၊ ကင်းမျှော်စင်တို့ အခိုင်အမာ တည်ဆောက်ထားသည့် အောင်သာယာရပ်ကွက်ရုံးကိုလည်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ စစ်ကောင်စီလက်နက်ကိုင်များ စုဝေးနေကြချိန်တွင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ညအချိန်ဖြစ်နေ၍ ရပ်ကွက်ရုံး ခေါင်မိုးပေါ် ဗုံးကျရောက်ပေါက်ကွဲအပြီး ထိခိုက်မှုအခြေအနေကို မသိနိုင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီက မန္တလေးတွင် ဩဂုတ်လဝက်အတွင်း  ရဟန်း၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများအပါအဝင် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသူ ဒေသခံ ၂၀ ထက်မနည်းကို ဖမ်းဆီးခဲ့သည်။

ထိုအထဲမှ တချို့သည် PDF ထောက်ပံ့သည်ဟု စွပ်စွဲခံထားရပြီး ချိပ်ပိတ်သိမ်းဆည်းခံရသည့်အထဲတွင် သိန်းသောင်းချီ ပေါက်ဈေးရှိသည့် နေအိမ်များ၊ လုပ်ငန်းများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းလည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button