မန္တလေးမြို့တွင် ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) တစ်ရက်တည်းတွင် ရဟန်း၊ ကျောင်းဆရာနှင့် ဆရာဝန်တို့အပါအဝင် အရပ်သားတစ်ဦးတို့ကို လူမှုကွန်ရက်တွင် ပုတ်ခတ်ရေးသားချက်များ တင်သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။
မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ပေါင်းလဲဘုန်းကြီးကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒာဝရသည် အာဏာသိမ်းစစ်ကောင်စီကို လူမှုကွန်ရက်တွင် ပုတ်ခတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“အိမ်စီးကားတွေနဲ့ပဲ လာဖမ်းတယ်လို့ ပြောတယ်၊ ဆရာတော်ကိုလည်း လူဝတ်လဲပြီး ဖမ်းသွားတယ်၊ ဘယ်မှာ ဖမ်းထားလဲ ဘာသတင်းအစအနမှတော့ မကြားရသေးဘူး” ဟု ပြောသည်။
ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် ၂၉ လမ်း ၈၉ လမ်းအနီး အနောက်ထီးလင်းတိုက်၊ သမ္မာသတိကျောင်းတိုက်တွင် ကပ္ပိယတာဝန်ယူနေသည့် ကျောင်းဆရာ ဦးနန်းဇေယျာဦးလည်း အဖမ်းခံရသည်။
စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင် CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ဦးနန်းဇေယျာဦးကို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ကြပြီးနောက် နာရီပိုင်းအကြာတွင် ဖမ်းမိပြီဖြစ်ကြောင်း ထပ်မံဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ ဒူးထောက်၍ လက် ဦးခေါင်းနောက်ပစ်ထားသည့် ပုံစံဖြင့် ရိုက်ကူးထားသည့် ဦးနန်းဇေယျာဦးကို၏ ဓာတ်ပုံကိုလည်း ဖြန့်ဝေကြသည်။
“ကျောင်းဆရာက အာဏာသိမ်းပြီးကတည်းက CDM လုပ်ပြီး ကျောင်းတိုက်မှာ နေတာ။ ကပ္ပိယလုပ်နေတာလို့ သိရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ သူTikTok မှာ တင်တာတွေကို ဖမ်းဖို့တင်ကြပြီး လာဖမ်းသွားတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အသက်၂၀ အရွယ် မြို့ခံအမျိုးသားက ပြောသည်။
ထို့ပြင် ချမ်းအေးသာစံမြို့နယ် ၈၂ လမ်း ၃၄ လမ်း ၃၅ လမ်းကြား အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်နေ ဆရာဝန်အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရသည်ဟု အထက်ပါ မန္တလေးမြို့ခံက ပြောသည်။
ထိုအမျိုးသမီး ဒူးထောက်၍ လက်နောက်ပစ်ထားသည့်ပုံကိုလည်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားသည်။ သို့သော် ထိုဆရာဝန်၏ အမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၅၈ လမ်း၊ ၂၆ လမ်းအနီး “ပီတိ” စတိုးဆိုင်ပိုင်ရှင် ကိုဇင်မင်းအောင်(ခ)ပေါက်စီ ဆိုသူကိုလည်း အရပ်ဘက်သုံးကားဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်သားတို့က ဖမ်းဆီးသွားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်တွင် ၎င်းတင်ထားသည့် ရေးသားမှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးသွားခြင်းဟု ဒေသခံတို့က ယူဆကြသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးမြို့ရှိ အာဏာသိမ်းမှု ဆန့်ကျင်သူဟု ယူဆရသူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားရာ ထိုအထဲတွင် အသက် (၇၀) အရွယ်နှင့် အသက် (၅၀) ဝန်းကျင်အရွယ် အမျိုးသမီးလေးဦးတို့လည်း ပါဝင်သည်။
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်နေ ဒေါ်မြင့်မြင့်သန်းနှင့် သမီးဖြစ်သူတို့သည် အွန်လိုင်းသတင်းတစ်ပုဒ်အောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ချစ်ခင်လေးစားကြောင်း မှတ်ချက်ရေးသားသည်ဟု စွပ်စွဲကာ စစ်တပ်ဝါဒါဖြန့်စာမျက်နှာများက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ကြသည်။
ယင်းနောက် အသက် ၇၀ ကျော်အရွယ် ဒေါ်မြင့်မြင့်သန်းအပါအဝင် အသက် ၅၀ ဝန်းကျင်အရွယ် သမီး ၃ ဦးကို ဩဂုတ်လ ၁၃ ရက်တွင် ဖမ်းဆီးသွားသည်။ ယင်းတို့ပိုင်ဆိုင်သည့် သိန်းသောင်းချီတန် တိုက်အိမ်နှင့် “အောင်မြန်မာ” စက္ကူနှင့် စာရေးကိရိယာအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်ကိုပါ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားသည်။
ဖမ်းဆီးရန် အွန်လိုင်းတွင် နေ့စဉ်ရက်ဆက် လှုံ့ဆော်ရေးသားသည့် လှုပ်ရှားမှုအတွက် စစ်ကောင်စီက ဌာနတစ်ခု ဖွင့်ထားသည်ဟု လေ့လာသူများက ယူဆကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH, ပြည်သူ့ကာကွယ်ရေးအဖွဲ့PDF ကို အားပေးခြင်း၊ ထောက်ခံကြောင်း ဖော်ပြခြင်း၊ ကူညီခြင်းတို့ မပြုလုပ်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် စတင်ကြေညာသည်။
ထိုသို့ပြုလုပ်ပါက အကြမ်းဖက်အားပေးမှု ပုဒ်မ ၅၂၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄၊ နိုင်ငံအကြည်ညိုပျက်စေမှု ၅၀၅၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ တို့ဖြင့် အရေးယူမည်၊ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ကြေညာခဲ့သည်။
ထိုကြေညာမှုအပြီး ၂ ရက်အကြာတွင် စစ်ကောင်စီ ထိန်းချုပ်သတင်းစာများက လူမှုကွန်ရက်တွင် လှုံ့ဆော်သူများကို ဖမ်းဆီးအရေးယူကြောင်း စတင်ဖော်ပြလာသည်။ ထိုဖမ်းဆီးမှုသတင်းများ ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၂၇ ရက်ကတည်းက နေ့စဉ် ဖော်ပြလျက်ရှိပြီး နိုင်ငံတစ်ဝန်းမှ ပြည်သူများ တစ်ရက်လျှင် ပျမ်းမျှ ၅ ဦးနှင့်အထက် ဖမ်းဆီးခံရသည်ကို တွေ့ရသည်။
အဖမ်းခံထားရသူများ၏ သတင်းအချက်အလက်များကို မိသားစုဝင်များပင် ရရှိနိုင်ရန် ခက်ခဲသလို လူတွေ့ထောင်ဝင်စာကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)