သတင်း

မန္တလေးမှ နာမည်ကြီး New Starlight နှင့် ကုမ္ပဏီသုံးခု တရုတ်စက်သုံးဆီ တင်သွင်းခွင့်ရ

အမေရိကန်ဒေါ်လာအခက်အခဲကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် အကျပ်ရိုက်နေသည့် အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၌ တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရန် ကုမ္ပဏီလေးခုကို လုပ်ပိုင်ခွင့်ပေးလိုက်သည်။

တရုတ်မှ စက်သုံးဆီတင်သွင်းရန် ကုမ္ပဏီလေးခုကို ရွေးချယ်ထားကြောင်း စစ်ကောင်စီလက်အောက်ခံ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက စက်သုံးဆီအရောင်းဆိုင်ရှင်များကို မေလကုန်ပိုင်းတွင် အသိပေးခဲ့သည်ဟု သိရသည်။

ရှမ်းမြောက်ဒေသရှိ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးနှင့် တန့်ယန်းခရိုင်တို့အတွက် တရုတ်မှ စက်သုံးဆီတင်သွင်းခွင့်ရသော ကုမ္ပဏီလေးခုတွင် မန္တလေးမြို့မှ နာမည်ကြီး New Star Light ကုမ္ပဏီပါဝင်ပြီး ကျန်သူများမှာ Myanmar Shwe San၊ Kyaw Ni Aung နှင့် Paw Kywe Wa တို့ဖြစ်ပြီး လွန်ခဲ့သည့် မတ်လကတည်းက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

လတ်တလောတွင် မူဆယ်ခရိုင်အတွင်း အစမ်းအနေဖြင့် တရုတ်စက်သုံးဆီ စတင်ဖြန့်ဖြူးရောင်းချနေပြီး အခြားခရိုင်သုံးခုတွင် ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်းသည့် ဆီကိုသာ အသုံးပြုနေဆဲဖြစ်သည်ဟု New Star Light ကုမ္ပဏီမှ ဒါရိုက်တာ ဦးမောင်စိန်က ပြောသည်။

“ဆီဖူလုံမှုရှိအောင် တင်သွင်းဖြန့်ဖြူးခွင့်ပေးထားပါတယ်။ လောလောဆယ်တော့ မူဆယ်ခရိုင်တစ်ခုပဲ ဖြန့်ထားသေးတာပေါ့။ ကျန်တဲ့ခရိုင်တွေကိုတော့ ရန်ကုန်ခွဲတမ်းအတိုင်း ဆက်သွားနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။

မူဆယ်ရှိ လက်လီအရောင်းဆိုင်များအနေဖြင့် အထက်ပါကုမ္ပဏီလေးခုက တင်သွင်းသည့်ဆီများကို စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ဝယ်ယူရောင်းချခွင့်ရှိသော်လည်း အခြားစက်သုံးဆီများ ရောင်းခွင့်မရှိတော့ကြောင်း စက်သုံးဆီလုပ်ငန်းနှင့် နီးစပ်သော အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“လုပ်နိုင်တဲ့သူလုပ်၊ မလုပ်နိုင်တဲ့သူပိတ်ဆိုတဲ့ စကားနဲ့ နိဂုံးချုပ်သွားတော့ အကုန်လုံးက ဘာမှ ပြောပိုင်ခွင့် မရှိတော့ဘူး။ (ရန်ကုန်ဆိပ်ကမ်း) အောက်က ဆီကတော့ လုံးဝ သယ်ခွင့် မရှိတော့ဘူး။ မန္တလေးက စတက်ရင် ကွတ်ခိုင်မြို့အထိပဲ ဆီသယ်ခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်စက်သုံးဆီ တင်သွင်းခွင့်ရ ကုမ္ပဏီများ

ပြည်ပမှ စက်သုံးဆီတင်သွင်းရန် ဒေါ်လာအလုံအလောက်မရှိချိန် ကုမ္ပဏီလေးခုက စစ်ကောင်စီနှင့် ညှိကာ ယွမ်ငွေဖြင့် တရုတ်မှ ဆီတင်သွင်းခွင့်ကို အရယူလိုက်ခြင်းဖြစ်သည်ဟု ဆီလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။

လုပ်ပိုင်ခွင့်ရ ကုမ္ပဏီလေးခုစလုံးသည် စက်သုံးဆီလုပ်ငန်းတွင် အစိမ်းသက်သက်ဖြစ်ပြီး ဆီလုပ်ငန်းအကြောင်းပြကာ အခြားဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းတို့က ယူဆသည်။

တရုတ်မှ စက်သုံးဆီတင်သွင်းခွင့်ရ ကုမ္ပဏီလေးခုကို လေ့လာကြည့်ရာ၌ သုံးခုမှာ မန္တလေးအခြေစိုက် ကုမ္ပဏီများဖြစ်သည်ကို တွေ့ရှိရသည်။​

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းအရ မန္တလေးအခြေစိုက် New Star Light သည် ၁၉၉၉ ခုနှစ်ကတည်းက မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး New Starlight အမည်ရ ကုမ္ပဏီအုပ်စုတစ်ခုလုံးကို တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ကျော်ဝင်း (ခ) ရန်ကွေယုံက ပိုင်ဆိုင်သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အနီး New Starlight ကုမ္ပဏီက တည်ဆောက်ခဲ့သော အဆင့်မြင့်အိမ်ရာ။​ (ဓာတ်ပုံ – New Starlight Facebook)

New Star Light ကုမ္ပဏီသည် မန္တလေးနှင့် မူဆယ်ရှိ ဧရာမဆောက်လုပ်ရေးစီမံကိန်းကြီးများဖြစ်သော မင်္ဂလာမန္တလေး၊ မင်္ဂလာမူဆယ်၊ Mandalay Convention Center (MCC) ခန်းမ၊ မန္တလေး Pullman Hotel မှ အမည်ပြောင်းထားသည့် Mingalar Mandalay ဟိုတယ် အပါအဝင် စီမံကိန်းပေါင်များစွာ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

ဦးကျော်ကျော်ဝင်း (ခ) ရန်ကွေယုံသည် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသူတစ်ဦးဟု မန္တလေးမြို့ခံအချို့ထံမှ သိရသည်။

လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ကျောင်းဆင်းတုဘုရားကြီးတည်ဆောက်ရာ၌ ပြည်တွင်းရှိ ခရိုနီသူဌေးကြီးများ ကျပ်ဘီလျံချီ အလှူငွေထည့်ခဲ့ကြရာ New Starlight ကုမ္ပဏီအုပ်စုက ကျပ် သိန်း ၈၀၀ လှူခဲ့သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ် အောင်မြင်ရေး New Starlight ကုမ္ပဏီပိုင်ရှင် ဦးကျော်ကျော်ဝင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိ ကွန်ပျူတာများ လှူဒါန်းခဲ့သည်ကို နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြဖူးသည်။

တရုတ်မှ စက်သုံးဆီတင်သွင်းခွင့်ရ မန္တလေးအခြေစိုက် နောက်ကုမ္ပဏီတစ်ခုမှာ Myanmar Shwe San ဖြစ်ပြီး သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်ရေးထောက်ပံ့မှုလုပ်ငန်းကုမ္ပဏီအဖြစ် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း၌ မှတ်ပုံတင်ထားသည်ကို DICA မှတ်တမ်းတွင် တွေ့ရသည်။

ကုမ္ပဏီမှတ်ပုံတင်အရ ဦးကျော်သိန်းဆိုသူမှာ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ကုမ္ပဏီရုံးခန်း တည်ရှိသည်။

မန္တလေးအခြေစိုက် နောက်ကုမ္ပဏီတစ်ခုမှာ Kyaw Ni Aung ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်ကာ ၂၀၂၀ နှစ်ဆန်းတွင် မှတ်ပုံတင်ထားသည်။ ချမ်းအေးသာစံမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ထားပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ ဦးသက်လွင်ဦး၊ ဦးမဟော်ဂမ် (M‌a Haw Gam) နှင့် ဒေါ်လီချင်းချိန်း (Lea Chin Chaye) တို့ဖြစ်သည်။

မူဆယ်အခြေစိုက် Paw Kywe Wa ကုမ္ပဏီမှာ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီအဖြစ် ၂၀၁၁ တွင် မှတ်ပုံတင်ထားပြီး မူဆယ်၌ပင် ရုံးဖွင့်ထားသည်။

ဒါရိုက်တာအဖွဲ့ဝင်များမှာ ဦးစိုးဝဏ္ဏ၊ ဦးဘရန်မိုင်၊ ဦးဇော်အောင်နှင့် ဒေါ်ရှီကျူးစံ(Shi Kyuu San) ဆိုသူတို့ ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင်တချို့သည် Paw Kywe Wa Construction နှင့် Paw Kywe Wa Travel & Tours ကုမ္ပဏီနှစ်ခုလုံးတွင် ပါဝင်သည်ကို တွေ့ရှိရသည်။

New Star Light ကုမ္ပဏီမှလွဲ၍ တရုတ်နိုင်ငံမှ စက်သုံးဆီသွင်းခွင့်ရ အခြားကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများအကြောင်း အသေးစိတ် မသိရပေ။

စက်သုံးဆီဈေးကွက် လက်ဝါးကြီးအုပ်ခံရ

တရုတ်နိုင်ငံမှ စက်သုံးဆီတင်သွင်းရန်မှာ ပင်လယ်ရေးကြောင်းမှတစ်ဆင့် အခြားနိုင်ငံများမှ တင်သွင်းသည်ထက် ဈေးကြီးသဖြင့် လက်ရှောင်နေခဲ့ရာမှ ဒေါ်လာချွေတာလိုသော ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ကုမ္ပဏီလေးခုကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။​

၂၀၂၀ ပြည့်နှစ်အတွင်းက New Starlight ကုမ္ပဏီ၏ ဟိုတယ်ဆောက်လုပ်ရေးစီမံကိန်းကို နာမည်ကြီးလုပ်ငန်းရှင် ဦးသိမ်းဝေ လာရောက်ကြည့်ရှုခဲ့စဉ်။ (ဓာတ်ပုံ – New Starlight Facebook)

နမ့်ခမ်းမြို့နယ်၊ မူဆယ်နှင့် ၁၀၅ ကုန်သွယ်ရေးဇုန်တို့ ပါဝင်သည့် မူဆယ်ခရိုင်တစ်ခုတည်း၌ပင် စက်သုံးဆီအရောင်းဆိုင် ၄၃ ခုရှိပြီး ထိုဆိုင်များအနေဖြင့် စစ်ကောင်စီခွင့်ပြု ကုမ္ပဏီလေးခုထံမှ တစ်ဆင့်ဝယ်ယူကာ လက်လီပြန်ရောင်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် နေ့စဉ် ရည်ညွှန်းဈေးနှုန်းကို စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီတို့က သတ်မှတ်ပေးခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီခွင့်ပြုချက်ဖြင့် ကုမ္ပဏီလေးခုက တရုတ်စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရာ၌ သတ်မှတ်ဈေးအပြင် ထပ်ဆောင်းနှုန်းထားဖြင့် ရောင်းချနေသဖြင့် ဈေးကွက်ကမောက်ကမဖြစ်နေသည်ဟု သိရသည်။​

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်သော မူဆယ်တွင် အခွန်အခများစွာ ကုန်ကျသည်ဟုဆိုကာ တွက်ခြေကိုက်ရန် ကောက်ခံသည်ဟု တရုတ်ဆီသွင်းခွင့်ရကုမ္ပဏီများက ဆင်ခြေပေးသည်ဟု ဆီလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။

တရုတ်စက်သုံးဆီ စတင်ဖြန့်ဖြူးသော ဇွန်လကုန်က စစ်ကောင်စီသတ်မှတ်ဈေး စက်သုံးဆီတစ်လီတာ ၂၀၀၀ ကျော်ရှိသော်လည်း ရှမ်းမြောက်တွင် လုပ်ကိုင်ခွင့်ရကုမ္ပဏီများက ၇၅ ကျပ်မှ ကျပ် ၃၅၀ အထိ ထပ်ဆောင်းဈေးတင်ကာ ရောင်းချနေသည်ဟု သိရသည်။

ထပ်ဆောင်းနှုန်းထားဖြင့် ဈေးတင်ရောင်းရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကာ ဒေါ်လာအကျပ်အတည်းကို ကူညီဖြေရှင်းပေးသဖြင့် လုပ်ပိုင်ခွင့်ရကုမ္ပဏီများ တွက်ခြေကိုက်ရန် ထိုသို့ခွင့်ပြုခြင်းလည်းဖြစ်သည်။​

တင်သွင်းစ၌ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ဆိုင်များကို သတ်မှတ်ဈေးအပြင် ၇၅ ကျပ်၊ မူဆယ်နှင့် နန်ခမ်းမြို့တို့ရှိ ဆီဆိုင်များကို ကျပ် ၃၅၀ အထိ ဈေးတင်ရောင်းခဲ့ကာ ယခုလဆန်းပိုင်းတွင်မူ ၁၀၅ မိုင်တွင် ၁၈၅ ကျပ်အထိ ဈေးတင်ပြီး မူဆယ်နှင့် နမ့်ခမ်းရှိ ဆိုင်များကို ၂၇၀ အထိ လျှော့ရောင်းသည်ဟု သိရသည်။

မူဆယ်ခရိုင်အတွင်း စက်သုံးဆီတစ်လီတာ ၃၅၀ ကျော်အထိ ပုံမှန်ထက် ဈေးပေးနေရသဖြင့် ရောင်းအား ထိုးကျသွားသည်ဟု လက်လီအရောင်းဆိုင်များက ဆိုသည်။

ဝယ်ရင်းဈေးတက်လာ၍ ဆီဆိုင်တချို့ ပိတ်ထားရကြောင်း၊ ဆီပြတ်ပြီး ဒေသတွင်း ဆီဈေးနှုန်းတည်ငြိမ်မှု မရှိကြောင်း ဆီလုပ်ငန်းရှင်တချို့က ၁၀၅ မိုင်ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနထံ ယခုလ ၁၅ ရက်နေ့တွင် တိုင်ကြားစာပို့ခဲ့သည်။

ထပ်ဆောင်းအပိုကြေးနှင့် ပတ်သက်၍ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာန၊ တင်သွင်းခွင့်ရကုမ္ပဏီများနှင့် ဆီဆိုင်ပိုင်ရှင်များ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရသေးပေ။

တစ်ချိန်တည်းမှာ ဆီသွင်းခွင့်ရကုမ္ပဏီများက ၎င်းတို့သတ်မှတ်ဈေးမရသဖြင့် ဆီဖြန့်ဖြူးမှုရပ်ထားရာ ရောင်းချရန် ဆီမရှိတော့သော လက်လီဆိုင်တချို့ ပိတ်ထားရသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနက ကွင်းဆင်းစစ်ဆေးပြီးနောက် အရောင်းရပ်ထားသော ဆိုင် ၆ ဆိုင်ကို ယာယီပိတ်သိမ်းကြောင်း ယနေ့ (ဩဂုတ် ၁၈) ထုတ်ပြန်သည့် စွမ်းအင်ဝန်ကြီးဌာန၏ အမိန့်စာတစ်စောင်ကို Myanmar Now က ရရှိထားသည်။

ထို့အမိန့်အရ ပိတ်သိမ်းခံလိုက်ရသည့် ဆိုင်များမှာ မူဆယ်ခရိုင် ၁၀၅ မိုင်၊ မိုင်းယုကျေးရွာအုပ်စုရှိ Denko, BOC, စုစံ၊ ဖူးမက်စ်၊ အသောက (၃၀)၊ Regency တို့ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အနီးရှိ Denko ဆီဆိုင်။ (ဓာတ်ပုံ – Denko ကုမ္ပဏီ Facebook)

“မကိုက်လို့ တင်ပြတာ။ သူတို့တွေက ဖြေရှင်းလို့ မပြီးသေးလို့ ယာယီ‌ လောလောဆယ် ဆီလာမချပေးသေးလို့ ဆိုင်တွေက အရောင်းရပ်နေရတာ။ အခုက ဆိုင်ယာယီပိတ်ခွင့်ပြုပါတယ်ဆိုတဲ့ စာကျလာတယ်” ဟု ဆီလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ယာယီပိတ်ရမယ့် သဘောဆိုတော့ ဒီဈေးနဲ့ ယူရမယ့်သဘောပေါ့။ ဒါပေမဲ့ တရားဝင်သတ်မှတ်ပေးပါ။ ဒီဈေးနဲ့ ယူရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ရောင်းရင် ဒီ ၁၈၅ ကျပ်ကို ပြန်ပေါင်းရောင်းလို့မရဘူး။ (စစ်ကောင်စီ) ရည်ညွှန်းဈေးအတိုင်း ရောင်းနေရတာ။ မကိုက်လို့ ဈေးပိုရောင်းရင် ပြဿနာတက်မှာ”

တရုတ်နယ်စပ်တွင် ကုမ္ပဏီလေးခုသာ လုပ်ပိုင်ခွင့်ရထားသဖြင့် ပြုသမျှ နုရမည့်အခြေအနေဖြစ်နေသည့်အပေါ် ဒေသအခြေစိုက် ဆီလုပ်ငန်းရှင်များ စိုးရိမ်နေကြသည်။

စင်ကာပူမှ တင်သွင်းဆီကို ဝယ်ယူရာတွင် ဆီအရောင်းဆိုင်များက လက်ကားဖြန့်ဖြုးသည့်ကုမ္ပဏီကို လွတ်လွတ်လပ်လပ်ရွေးချယ်ကာ ရန်ကုန်ဆိပ်ကမ်းအရောက် ကိုယ်ပိုင်ဆီဘောက်ဆာကားကြီးများဖြင့် သယ်ယူရောင်းချခြင်းဖြစ်သည်။ ယခုအခါ ဆိုင်အရောက်ဖြန့်ဖြူးသည့်စနစ်ဖြစ်၍ ဆီသယ်ကားများ ရပ်ဆိုင်းထားရသည်။

ဆီဘောက်ဆာကားတစ်စီးကို ကျပ်သိန်း ၄၀၀၀ ကျော်၊ ဆီအရင်းဈေး သိန်းတစ်ထောင်ကျော်ရှိပြီး ယခင်က သီလဝါဆိပ်ကမ်းမှ ဆီခွဲတမ်းကို ကိုယ်ပိုင်ကားဖြင့် သယ်ယူနိုင်ကာ သယ်ယူစရိတ်အဖြစ် တစ်လီတာ ကျပ် ၁၅၀ အမြတ်ရသည်ဟု သိရသည်။

တရုတ်စက်သုံးဆီ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေကို စစ်ကောင်စီက ရောင်းပေးခြင်းမရှိဘဲ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် တင်သွင်းနေရသဖြင့် အရှုံးပေါ်နေ၍ တစ်လီတာချင်းအပေါ် ထပ်ဆောင်းဈေး ကောက်ခံခြင်းဖြစ်သည်ဟု New Star Light မှ ဒါရိုက်တာ ဦးမောင်စိန်က ပြောသည်။

“နိုင်ငံတော်ကနေ နိုင်ငံခြားငွေရောင်းပေးခြင်း ဘာမှမရှိဘူး။ လက်ရှိ ငွေဈေးတက်တဲ့ အခြေအနေအရ အရှုံးပေါ်နေတာပေါ့။ တချို့ဟာတွေတော့ ဆိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ အရှုံးသက်သာအောင် လုပ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့က တောက်လျှောက် အရှုံးနဲ့ ရင်ဆိုင်ပြီး ဆောင်ရွက်နေတာပေါ့”

ရန်ကုန်ဆိပ်ကမ်းမှ တင်သွင်းသည့် ကုန်သည်များအတွက် လိုအပ်သည့် နိုင်ငံခြားငွေကို စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ရောင်းချပေး၍ သတ်မှတ်ဈေးဖြင့် ရောင်းချနိုင်ကြောင်း၊ တရုတ်ဆီသွင်းသူများသည် အပြင်ငွေလဲနှုန်းဖြင့် ဝယ်ယူတင်သွင်းရ၍ ထပ်ဆောင်းဈေး ကောက်ခံခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်တင်ပို့မှု ကျဆင်းခြင်းအပြင် ဘက်ပေါင်းစုံမှ ပိတ်ဆို့ခံရခြင်းကြောင့် နိုင်ငံခြားဝင်ငွေ ကျဆင်းလာသော်လည်း အခြားတစ်ဖက်တွင် စက်သုံးဆီ၊ စားသုံးဆီတို့ကို နိုင်ငံခြားငွေသုံးစွဲကာ မဖြစ်မနေ တင်သွင်းနေရသည်။

နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရေး စက်သုံးဆီလျှော့ချသုံးစွဲရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစည်းအဝေးများတွင် မကြာခဏ ထုတ်ဖော်သတိပေးလေ့ရှိသည်။

၂၀၂၁ ခုနှစ်တွင် စက်သုံးဆီ တန်ချိန် ၄ ဒသမ ၁၂ သန်း တင်သွင်းခဲ့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် ကုန်ကျခဲ့သည်ဟု စစ်တပ်ထိန်းချုပ် မြန်မာ့အလင်းသတင်းစာက ပြီခဲ့သည့်နှစ် နိုဝင်ဘာ ၂ တွင် ဖော်ပြသည်။

စက်သုံးဆီကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀၀ ဖိုးခန့်၊ စားသုံးဆီကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် တင်သွင်းသုံးစွဲလျက်ရှိရာ ဆီနှစ်ရပ်ပေါင်းပါက ဒေါ်လာ သန်းထောင်ပေါင်းများစွာ ကုန်ကျနေရသည်ဟု ဆိုသည်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု ဇွန်လကုန်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင်က ညည်းတွားခဲ့သည်။

၎င်းတို့ တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်ဆောင်လာပြီး၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍​ အရေးအပါဆုံးသော နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်က ထိုသို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းပင်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button