သတင်း

အရပ်သားသေဆုံးမှု တပ်မတော်က အရေးမယူသည့်အတွက် ကျောက်မဲဒေသခံများဆန္ဒပြတောင်းဆို 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာသားတစ်ဦးသေဆုံးခဲ့သည်ကို မကျေနပ်သည့်အတွက် ထောင်နှင့်ချီသော ကျောက်မဲဒေသခံများက ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ပန်ကျန်ကျေးရွာတွင်နေထိုင်သည့် ဦးလုံးဆု သေဆုံးခဲ့သည်။ ထိုအတွက် ကျောက်မဲမြို့နယ် ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လေးဦးက ဇူလိုင် ၁ တွင် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့သည်။ 

ယနေ့နံနက်ပိုင်း ဆန္ဒဖော်ထုတ်မှုတွင် ကျောက်မဲမြို့နယ် ဟဲကွီးကျေးရွာအုပ်စုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပေါင်းများစွာပါဝင်ခဲ့ပြီး နှစ်နာရီကြာ ဆန္ဒဖော်ထုတ်ပြီးနောက် ပြီးဆုံးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောသည်။

ရှမ်းဘာသာစကားဖြင့် ရေးသားထားသည့် “ပြည်သူများအား လက်လွတ်စပယ်ပစ်သတ်သည့် တပ်မတော်ကို အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကျောက်မဲမြို့နယ်အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ဦးလုံးဆု အသတ်ခံရမှုနှင့်ပတ်သက်၍ တပ်မတော်က အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ယခုလိုဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သည့် လယ်ယာမြေအရေးလှုပ်ရှားသူ ဦးစိုင်းစံထွန်းက ပြောသည်။

“ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားပြည်သူတွေကို ရှမ်းပြည်နယ်မှာလာပြီးတော့ ကြက်ပစ်၊ ငှက်ပစ်သလို ပစ်သတ်တာတော့ မဖြစ်စေချင်ဘူးဗျာ” ဟု ဦးစိုင်းစံထွန်းက ပြောသည်။

ဦးလုံးဆုသေဆုံးနေပုံကို ရှမ်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ (ဓာတ်ပုံ – Shan Human Rights)

အဆိုပါဆန္ဒဖော်ထုတ်မှုအတွက် ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခွင့် တင်ပြခဲ့သော်လည်း ကိုဗစ်နိုင်တင်းကာလဖြစ်နေသည့်အတွက် ခွင့်မပြုပေးခဲ့ကြောင်း၊ သို့သော် ဆန္ဒပြသူများနှင့် ထိပ်တိုက်ညှိနှိုင်းပြီးနောက် ခွင့်ပြုပေးလိုက်ရကြောင်း ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်သိန်းဝင်းက ပြောသည်။

“ခွင့်ပြုပေးလို့မရတဲ့အတွက် မရကြောင်းပေါ့ ကျွန်တော်တို့အကြောင်းပြန်ခဲ့တယ်။ အဲဒါကို သူတို့ကလည်း အစီအစဉ်စွဲပြီးသားဖြစ်နေတော့ ဆက်ပြီးလုပ်ကြတာ” ဟု ၎င်းက ပြောသည်။

အဆိုပါဆန္ဒပြမှုကို စီစဉ်သူများမှာ ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာနေ ဦးစိုင်းသန်းမောင် ၅၈ နှစ်၊ ဦးဇောတိ က ၅၇ နှစ် နှင့် ဦးအာလိယျ ၄၀ နှစ်တို့ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ စီစဉ်ခဲ့သည့်အတွက် ၎င်းတို့သုံးဦးအား ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နှင့် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဉပဒေ ပုဒ်မ ၁၈ တို့ဖြင့် သက်ဆိုင်ရာဌာနများမှ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ဇူလိုင် ၉ ရက်ထုတ်ပြန်ချက်အရ ဇွန် ၂၈ ရက် မနက် ၈ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခု ရွာသားများတိမ်းရှောင်နေသည့် ပန်ကျန်ရွာအတွင်းဝင်ရောက်လာပြီး စာသင်ကျောင်းအတွင်းပုန်းခိုနေသည့် အသက် ၅၈ နှစ်အရွယ် ဦးလုံးဆုကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးလုံးဆုနှင့် အသက် ၅၄ နှစ် အရွယ် ဒေါ်ပါဆွေတို့နှစ်ယောက် စာသင်ကျောင်းအတွင်းပြေးဝင်သွားသည်ကို တွေ့ရသည့်အတွက် အဆိုပါစစ်ကြောင်းမှ စာသင်ကျောင်းအတွင်းလိုက်ဝင်ကာ ဦးလုံးဆုကို သေနတ်နှင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဒဏ်ရာရသွားသည့် ဦးလုံးဆုက ကျောင်းအပြင်ဘက်သို့ထွက်ပြေးစဉ် ထပ်မံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနေ့ (ဇွန် ၂၈ ) ၌ပင် ပန်ကျန်ရွာသူ အသက် ၅၀ အရွယ် ဒေါ်ပါဆွယ်မှာလည်း ဗုံးစံထိမှန်မှုကြောင့် တင်ပါးနှင့်လက်တွင် ဒဏ်ရာရရှိခဲ့ပြီး အက်ကြီးရွာမှ လမ်းပြအဖြစ် တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်လာခဲ့သည့် ဦးလုံးမောင်ခေမှာလည်း အဆိုပါစစ်ကြောင်း၏ ရိုက်နှက်ခံရမှုကြောင့် သတိမေ့သွားသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ အဆိုအရ ပန်ကျန်ရွာအတွင်းဝင်ရောက်ခဲ့သည့် စစ်ကြောင်းတွင် ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ ၂၃၊ ခလရ ၂၂၊ ခလရ ၁၄၇ တို့ ပါဝင်သည်ဟု သိရသည်။

အရပ်သားပစ်သတ်ခံရမှုဖြစ်စဉ်များမှာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေးတာဝန်ကျနေသည့် တပ်မတော်စစ်ကြောင်းများက ဟဲကွီကျေးရွာအနီးတွင်ပြုလုပ်မည့် RCSS/SSA ၏ မူးယစ်ဆေးမီးရှို့ ဖျက်ဆီးမည့် အစီအစဉ်ကို ဟန့်တားရင်း တိုက်ပွဲများဖြစ်ပွားသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထပ်မံသိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အဆိုပါ တိုက်ပွဲများဖြစ်ပွားစဉ်က ဟိုဖိုင်၊ ဟိုင်းဟွေ၊ ပန်ကျန်၊ ကျိန်းနယ်၊ နန့်ဖာစသည့် တိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာပေါင်း ရှစ်ရွာမှာ စစ်ရှောင် ၈၀၀ ခန့်သည် နောင်ပိန်တိုက်နယ်ရွာရှိ အောင်ဓမ္မာရုံနှင့် ပန်လော့ ဘုန်းတော်ကြီးကျောင်းများသို့ တိမ်းရှောင်ခဲ့ကြပြီး ဇူလိုင် ၁ ရက်တွင် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။

Show More

Related Articles

Back to top button