ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို ပြန်သိမ်းယူနိုင်ရေးအတွက် ယနေ့ (ဩဂုတ် ၁၅) နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များ အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။
မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာရှိ စစ်ရေးအရ ဗျူဟာမြောက် အရေးပါသော လက်ခတ်တောင်ပေါ်ရှိ တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ လွန်ခဲ့သည့် လကုန်ပိုင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းကုန်း ပြန်လည်ရရှိရေးအတွက် ဇူလိုင်လကုန်မှစတင်၍ စစ်တပ်က မရပ်မနား ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ယနေ့တွင်လည်း နံနက် ၃ နာရီမှ ၁၁ နာရီခန့်အထိ လက်နက်ကြီးများသာမက တိုက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေသည်။
စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သည်ဟု တိုက်ပွဲဖြစ်ရာအနီးရှိနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“မနက် ၃ နာရီလောက်ကတည်းကတော့ လက်နက်ကြီးတွေ သုံးပြီးတော့ ဆက်တိုက်လိုလိုပဲ ပစ်နေတာပဲ။ အချက်ပေါင်းတော့ မရေတွက်နိုင်ဘူး။ ခုနကတော့ (၁၀ နာရီခန့်) တိုက်လေယာဉ်နဲ့ သုံးခေါက်၊ လေးခေါက်လောက်တော့ ပစ်သွားတယ်”
စစ်ကောင်စီဘက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့် နာရီဝက်ခန့် ထပ်မံ ပစ်ခတ်ကြောင်း၊ ထို့နောက် တိုက်ပွဲ ငြိမ်သက်သွားကြောင်း အထက်ပါ PDF တပ်ဖွဲ့ဝင်က ဆိုသည်။
ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များပြီး တော်လှန်ရေးအင်အားစုများဘက်မှ PDF ရဲဘော် ၃ ဦး သေဆုံးသွားသည်ဟု အမည်မဖော်လိုသည့် အခြားနီးစပ်သူတစ်ဦးထံမှ သိရသည်။
“ကိုယ့်ဘက်ကတော့ ၃ ယောက်ကျသွားတယ်လို့ ကြားထားတယ်။ သူတို့ဘက်ကတော့ အကျအဆုံးများတယ်လို့ ကြားထားတယ်။ ကော့ကရိတ်ဘက်မှာလည်း ချနေပြီ” ဟု ၎င်းက ဆက်ပြောသည်။
KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် စစ်တပ်က အစွမ်းကုန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခုလ ၁၃ ရက်နေ့အထိ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ ၎င်းတို့ ပူးပေါင်းအဖွဲ့ဘက်မှ ၁ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့် အရာရှိ ၂ ဦး အပါအဝင် ၁၇ ဦး သေဆုံးသည်ဟု KNU လက်အောက်ခံ Cobra Column စစ်ကြောင်း က ယမန်နေ့ (ဩဂုတ် ၁၄) တွင် သတင်းထုတ်ပြန်သည်။
ထို့ပြင် စစ်တပ်ဘက်မှ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးသည် ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းနှင့် ၆၀ မမ ဗုံးသီးများအပါအဝင် လက်နက်အများအပြားဖြင့် အလင်းဝင်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီ၏ စစ်ရေးရန်လိုမှုများကြောင့် တပ်မဟာ (၆) နယ်မြေအတွင်း တိုက်ပွဲများ ပျံ့နှံ့လာကြောင်း ယခုလ ၁၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် KNU ၏ ဗဟိုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောက ထုတ်ဖော်ပြောဆိုသည်။
“အာဏာသိမ်းအပြီးမှာ KNU နယ်မြေအတွင်း စစ်ရေးအခြေအနေကတော့ အကန့်အသတ်နဲ့ပဲ ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်အခါမှာ စစ်ကောင်စီတပ်ကနေပြီးတော့ စစ်ဆင်တာ ရှိပါတယ်။ နောက်ပိုင်း တပ်မဟာ ၆ နယ်မြေမှာ ပျံ့ပွားလာတဲ့စစ်ကတော့ စစ်ကောင်စီကနေပြီးတော့ လေးကေ့ကော်မှာ စစ်ရေးရန်လိုမှုကြောင့် ဖြစ်ပါတယ်”
စစ်ကောင်စီအနေဖြင့် ၎င်း၏အခြေစိုက်စခန်းများ ကာကွယ်နိုင်ရေး တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုနေရသည်ဟုလည်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။
“အဓိက သူတို့တပ်စခန်းဖြစ်တဲ့ ခြေကုပ်စခန်းတွေ၊ မဖြစ်မနေ သူတို့ကာကွယ်ရမယ့် စခန်းတွေကို လေယာဉ်နဲ့ ရိက္ခာ သယ်နေရတယ်။ နောက်ပြီးတော့ ဒီစခန်းကို ကာကွယ်ဖို့အတွက် တိုက်လေယာဉ်၊ ရဟတ်ယာဉ်သုံးပြီးတော့ ကာကွယ်နေရပါတယ်”
လက်ရှိတွင် KNU ထိန်းချုပ်နယ်မြေများဖြစ်သော တပ်မဟာ (၁) ၊ (၂)၊ (၃)၊ (၄) နှင့် တပ်မဟာ (၆) တို့တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)