လွန်ခဲ့သည့် သီတင်းပတ်အတွင်း တော်လှန်ရေးအင်အားစုများက သိမ်းယူခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
မြဝတီမြို့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ထိုစခန်းကို ယခုလ ၂၁ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ရေးအရ အချက်အချာကျသည့် စခန်းကုန်းပြန်ရရေးအတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာသဖြင့် ယခုလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု KNU တပ်မဟာ (၆) ၏ ခရိုင်အတွင်းရေးမှူးဖြစ်သူ ပဒိုစောလစ္စတန်က ယနေ့ (ဇူလိုင် ၂၆) ပြောသည်။
“ရန်သူဘက်က ပြန်တက်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲက ငြိမ်နေတယ်။ အသေးစိတ်ကတော့ အောက်ခြေက သတင်းပို့လာတာမျိုးတော့ မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
စစ်တပ်စခန်းကို KNU နှင့် NUG တို့လက်အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့များဖြစ်သော ကော်ဘရာစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းယူနိုင်ခဲ့သည်။
စခန်းပြန်ရရေး စစ်ကောင်စီဘက်က တပ်မ (၄၄) တပ်မမှူးကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားနေပြီး ခြေမြန်တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ (၂) နှင့် ခမရ (၁၁၈) တို့မှ ထုတ်နုတ်အင်အား ၁၀၀ ကျော်ဖြင့် နှစ်ရက်ဆက် စစ်ကြောင်းထိုးခဲ့သည်ဟု သိရသည်။
ထိုသို့ထိုးစစ်ဆင်နေသော်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ လက်ခတ်တောင်ပေါ်သို့ မတက်ရောက်နိုင်ဘဲ အနီးရှိ မေတ္တာလင်းမြိုင်ရွာအတွင်း နေရာယူ တပ်စွဲထားသည်ဟု KNU က ဆိုသည်။
စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကာ တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု ကော်ဘရာစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောကို ကိုးကား၍ KNU ၏ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးက ယမန်နေ့တွင် ထုတ်ပြန်သည်။
“တောင်ခြေအနားထိ သူတို့ ရောက်မလာနိုင်ဘူး။ သူတို့ ထိခိုက်ကျဆုံးတာများလို့ ပြန်ဆုတ်သွားတယ်။ သူ့လူတွေကို ပြန်ဆွဲပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်ပစ်နေတယ်။ အခြေအနေကတော့ ဆက်လက်ပြင်းထန်ဖို့ရှိတယ်” ဟု ဗိုလ်ဒါဘောက ပြောဆိုထားသည်။
မြဝတီမြို့အနီးတစ်ဝိုက် တုံးတံတား၊ မေတ္တာလင်းမြိုင်၊ သင်္ဃန်းညီနောင် စသည့် နေရာများရှိ စစ်ကောင်စီ၏ အထိုင်တပ်များက လက်နက်ကြီးများ ပစ်ကူပေးသည်ဟုလည်း သိရသည်။
ယခုလ ၂၄ ရက်က တိုက်ပွဲအတွင်း ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသည်ဟုလည်း KNU ထံမှ သိရသည်။
စခန်းကုန်းကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် ခမရ (၂) တပ်ရင်းမှူးနှင့် ဒု-တပ်ရင်းမှူးတို့ကို စစ်ကောင်စီက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အကျဉ်းထောင်၌ ဖမ်းဆီးထားသည်ဟု KNU က ဆိုသော်လည်း သီးခြား အတည်မပြုနိုင်ပေ။
မြဝတီမြို့အနီးရှိ စစ်ကောင်စီ၏ အထိုင်တပ်များက လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် စိုးရိမ်နေရသည်ဟု မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲ့ဒီစခန်းတွေက မြို့နဲ့ ကပ်နေတာဆိုတော့ မြို့ထဲမှာ နေရတာ နည်းနည်းတော့ လန့်တာပေါ့။ လက်နက်ကြီးရော လက်နက်ငယ်အသံရော အကုန်ကြားနေရတာ။ လက်နက်ကြီးနဲ့က နေရာအစုံကနေ ပစ်နေတော့ နည်းနည်း စိုးရိမ်ရတာပေါ့”
ပြီးခဲ့သည့် ဇွန်လအတွင်း တပ်မဟာ (၆) နယ်မြေ၌ တိုက်ပွဲပေါင်း ၃၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၄၆ ဦး သေဆုံးသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)