
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေသည့် ရသေ့တောင်မြို့နယ်အတွင်း ယနေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုကြောင့် စစ်ရှောင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်တစ်ဦးဖြစ်သော အသက် ၆၆ နှစ်အရွယ်ရှိ ဦးမောင်ကျော်သန်းသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငတောက်တူချေကျေးရွာအနီး လယ်ကွင်းပြင်၌ နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲကာ မျက်နှာတွင် ထိခိုက်ဒဏ်ရာများနှင့် ခြေထောက်နှစ်ဖက်စလုံး ပြတ်လုနီးပါး ဒဏ်ရာရရှိသွားသည်။
မိုင်းနင်းမိသူကို ရသေ့တောင်မြို့နယ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်သော်လည်း စိုးရိမ်ရသဖြင့် လက်ရှိတွင် စစ်တွေဆေးရုံသို့ ထပ်မံပို့ဆောင်လိုက်သည်ဟု ကူညီပေးနေသူ ကိုဘက္ကာက ပြောသည်။
“တစ်ခန္ဓာလုံးမှာ ဒဏ်ရာတွေ။ စိုးရိမ်ရတယ်။ အခုတော့ သွေးရှာလို့မရ။ ဒဏ်ရာလည်းပြင်းတယ်။ သွေးလည်း မသွင်းခဲ့ရဘူး”ဟု ၎င်းက ဆိုသည်။
ဦးမောင်ကျော်သန်းသည် နံသာကန်ကျွန်းတွင် စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး တစ်မိုင်ခန့် ဝေးသည့် ငတောက်တူချေရွာအနီး ၎င်းပိုင်နွားများကို လာကျောင်းနေစဉ် မိုင်းပေါက်ကွဲခြင်း ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဒေသခံ ဦးညိုစံအောင်က ပြောသည်။
ဒဏ်ရာရသူ၏ဆွေမျိုး ကိုမျိုးမြင့်သိန်းက “နွားတွေက အဲဒီ(နံသာကန်ကျွန်း)ဘက်မှာ မနေဘူး။ ငတောက်တူချေဘက်ကို ဆင်းပြေးကြတယ်။ ဆင်းပြေးတာကို လိုက်ရင်း အပင်အောက်မှာ ထိုင်တယ်။ ဆိုတော့ အပင်အောက်က မိုင်းပေါက်ကွဲတာ “ဟု ဖြစ်စဉ်ကို ပြောသည်။

ရသေ့တောင်မြို့နှင့် တစ်မိုင်အကွာတွင် ရှိသည့် ငတောက်တူချေကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ရွာသို့ လက်နက်ကြီးကျည်များ မကြာခဏကျရောက်သဖြင့် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် ဒေသခံများသည် ယခင်နှစ် နိုဝင်ဘာကတည်းက ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြသဖြင့် လက်ရှိတွင် လူနေထိုင်ခြင်းမရှိပေ။
ဇွန် ၂၃ က ရွာပေါင်းလေးဆယ်ကျော်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဟု ကြေညာခဲ့သောကြောင့် ဒေသခံအများစု စစ်ရှောင်ထွက်ပြေးခဲ့ကြသည်။
သို့သော် နောက်သုံးရက်အကြာတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဟူသည့်အမိန့်ကို ပြည်နယ်အစိုးရမှ ရုပ်သိမ်းခဲ့သော်လည်း နေရာအချို့တွင် စစ်ဆင်ရေး ဆက်လက်ပြုလုပ်နေသောကြောင့် ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးနေရသည်ဟု လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။
ဇွန် ၃၀ ရက်က ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်တွင် ည ၁၁ နာရီကျော်ခန့်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နယ်မြေခံမဟုတ်သည့် လူ လေးဦး သေဆုံးသွားခဲ့ကာ တပ်မတော်ဘက်မှ AA ဘက်မှလူများ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။