ရခိုင်ပြည်နယ် ရသေ့တောင်တွင် ဒေသခံများ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရ 

တပ်မတော်စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ရသေ့တောင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရသည်  

Published on Jul 1, 2020
 ရသေ့တောင်မြို့နယ် မိုးစဲကျွန်းတိုက်နယ်ဘက်မှ စစ်တွေဘက်သို့ တိမ်းရှောင်လာကြသည့် အရပ်သားများ (ဓာတ်ပုံ- ပေးပို့)
ရသေ့တောင်မြို့နယ် မိုးစဲကျွန်းတိုက်နယ်ဘက်မှ စစ်တွေဘက်သို့ တိမ်းရှောင်လာကြသည့် အရပ်သားများ (ဓာတ်ပုံ- ပေးပို့)

တပ်မတော်က နယ်မြေရှင်းလင်းရေးအမိန့်စာ ထုတ်ပြန်နောက်ပိုင်း ရသေ့တောင်မြို့‌ မြောက်ပိုင်းမှ ဒေသခံ ၈,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်နည်းတူ ဇွန် ၂၉ တွင် ရသေ့တောင်မြို့ နယ်တောင်ပိုင်းရှိ မိုးစဲကျွန်းတိုက်နယ်ဘက်သို့ တပ်မတော်စစ်ကြောင်းဝင်ရောက်လာရာ ယင်းတိုက်နယ်ရှိ ဒေသခံများလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကျေးရွာတာဝန်ခံများက ပြောသည်။ 

ရခိုင်ပြည်နယ်အစိုးရဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ဇွန်၂၃ တွင် ထုတ်ပြန်ခဲ့သည့် နယ်မြေရှင်းလင်းရေးအမိန့်စာကို ဇွန် ၂၆ တွင် ပြန်လည်ပယ်ဖျက်ခဲ့ပြီးသော်လည်း ဒေသခံများ ဆက်လက်ပြီးထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

တပ်မတော်က နယ်မြေရှင်းလင်းရေးအမိန့်စာထုတ်ပြန်ပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန် ၂၄ တွင် ကျောက်တန်း တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၇ ခုမှ နေရပ်စွန့်ခွာထွက်ပေးသူ ၈၀၀၀ နီးပါးရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ရသေ့တောင်မြို့နယ်တောင်ပိုင်း မိုးစဲကျွန်းတိုက်နယ်အတွင်းရှိ မြင်းကန်းချောင်း၊ ရွှေလောင်းတင်၊ ကံပြင်၊ ဥဂါ၊ ကပ်ချောင်း၊ သံပိတ်ဆုံ၊ ကူတောင်၊ ဖြူချောင်း၊ ခြေရာတော်၊ သာစည်ထောင့် စသည့်ကျေးရွာများအားလုံးနီးပါးမှ သောင်းနှင့်ချီသော ဒေသခံများထွက်ပြေးနေကြသည်ဟု ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက Myanmar Now ကိုပြောသည်။

အဆိုပါကျေးရွာများမှ ဒေသခံများမှာ ရသေ့တောင်မြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာဘက်သို့ ထွက်ပြေးနေသူများလည်းရှိသည်ဟု ၎င်းက ပြောသည်။

“ပြေးကြတဲ့လူတွေအထဲက တစ်ချို့တစ်ဝက်က စစ်တွေဘက်ကို ပြေးလာကြတယ်။ ဇီးကိုင်းကူးတို့ဆိပ်ကနေ ပြီးတော့ စစ်တွေမြို့နယ် ပါတလိပ်ကူးတို့ဆိပ်ဘက်ကို ဘုတ် (စက်တပ်လှေ) နဲ့ ကူးလာကြတာပါ။ ဒီနေ့ ကူးလာကြတာလည်းရှိတယ်။ ညနေ ၃ နာရီအထိကို ကူးနေကြတာတွေ့တယ်” ဟု ဦးတင်မောင်ဝင်းက ပြောသည်။

တပ်မတော်စစ်ကြောင်းတစ်ခု သေနတ်ပစ်ဖောက်ပြီး ဦးတည်လာသည့်အတွက် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးကြရသည်ဟု စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ မိုးစဲကျွန်းတိုက်နယ် ရွှေလောင်းတင်ကျေးရွာမှ ဦမောင်သောင်းရွှေက Myanmar Now ကို ပြောသည်။

“ပထမတော့ ဇက်တစ်စီးဆင်းလာတယ်လို့ ကျနော်တို့သတင်းကြားတယ်။ ကျနော်တို့ကလည်း ဘုန်းကြီးကျောင်းကနေကြည့်နေရင်း ကြည့်နေရင်း အဲဒီဇက်က ကျနော်တို့ရွာနားကို ရောက်လာခဲ့တယ်။ ကျနော်တို့ရွာ မြောက်ဘက် ၂ ဖာလုံလောက်အကွာမှာ သရက်တော ကုန်တန်းဆိုတာ ရှိပါတယ်။ အဲဒီနားမှာ သေနတ်တွေနဲ့ ပစ်တယ်။ ဘယ်ဘက်ကိုပစ်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ဘူး။ အသံကိုပဲကြားနေရတာ” ဟု ဦးမောင်သောင်း‌‌ရွှေက ပြောသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများအနက် ကံပြင်ကျေးရွာတွင် အိမ်ခြေ ၃၄၀ ခန့်နှင့် လူဦးရေ ၁,၇၀၀ ခန့်ရှိပြီး ကျေးရွာအနောက်ဘက် မယူမြစ်ကမ်းဘေးမှ တပ်မတော်စစ်ကြောင်းက တက်လာသည်ကို မြင်တွေ့၍ ကျောင်းထိုင်ဆရာတော်အပါအဝင် ကျေးရွာသားအားလုံး ကြောက်လန့်တကြား ထွက်ပြေးကြသည်ဟု ကံပြင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က ပြောသည်။

“အိမ်စောင့်ပြီး ရွာမှာ လူ ၁၀ ကျော်လောက်ပဲ ကျန်ခဲ့ပါတယ်။ အခုစစ်ကြောင်းက ဥဂါကျေးရွာကို ရောက်နေတယ်လို့ ကြားပါတယ်။ မနေ့ကညအချိန် အဲဒီစစ်ကြောင်း ဥဂါရွာဘက်ကိုသွားတဲ့အချိန်မှာ ကျနော်တို့ကံပြင်ရွာက ရွာသားတွေက လိုက်ပို့ပေးခဲ့ရတယ်” ဟု ဦးမောင်ထွန်းစိန်က ပြောသည်။

ရွာသားများ ထွက်ပြေးနေကြချိန် တပ်ကကျေးရွာအတွင်းသို့ ညအချိန်ဝင်ရောက်ပြီး လူမရှိသည့် နေအိမ်နှင့် စျေးဆိုင်များအတွင်းမှ စားသုံးကုန်ပစ္စည်း ဖောက်ထွင်းယူဆောင်မှုများလည်းရှိနေသည်ဟု မိုးစဲကျွန်းတိုက်နယ်အတွင်းမှ အမည်ဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ဒေသခြေအနေကတော့ လက်ရှိမှာ အေးအေးဆေးဆေးပါ။ သူတို့ကလည်း သူတို့ဟာနဲ့သူတို့ လိုအပ်တဲ့ နေရာတွေကို သွားလာနေကြတာတွေ့ရတယ်။ ကျနော်တို့ရွာသားတွေကလည်း အခြေအနေအပေါ်မှာမူတည်ပြီး သူတို့ မသွားရင် ကြောက်လို့ ရှောင်နေကြတယ်။ လူမရှိတဲ့နေအိမ်တွေက ချက်စားဖို့ နှမ်းဆီတွေ ဘာတွေတော့ ယူသွားတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

မိုးစဲကျွန်းနယ်မြေအတွင်းသို့ ရောက်ရှိနေသည့် အဆိုပါ တပ်မတော်စစ်ကြောင်းမှာ လက်ရှိတွင် အနောက်ပြင် မွတ်စလင်ကျေးရွာအနီး ကူတောင်နှင့်ဆက်စပ်နေသည့် မိုးစဲကျွန်းတောင်ကုန်းပေါ်တွင်ရှိနေပြီး ထိုတောင်ကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ရွှေလောင်းတင်ကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြား စစ်ရေးတင်းမာနေမှုကြောင့် ယခုရက်ပိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီ တိုးလာနေသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

အဆိုပါအစည်းအရုံး၏ ဇွန် ၈ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်သူဦးရေ ၁၅၆,၀၀၀ ကျော်အထိရှိနေပြီး ထိုစာရင်းတွင် အသစ်ထွက်ပြေးတိမ်းရှောင်လာသူများ မပါဝင်ပေ။ 

နယ်မြေရှင်းလင်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်းနှင့် နှစ်ဖက်တပ်များအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကိုလိုက်နာရန် ကုလသမဂ္ဂက ဇွန် ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading