သတင်း

လားရှိုးရှိ TNLA နှင့် MNDAA စခန်းများကို စစ်ကောင်စီ ထိုးစစ်ဆင်

ယမန်နေ့ (ဩဂုတ် ၁၀) တွင် စစ်ကောင်စီလေတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့မှ ၁၀ မိုင်ခန့်အကွာ မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီး တပ်စွဲထားသည့် TNLA တပ်စခန်းတစ်ခုကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ရောက်လာပြီး မိနစ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် အမှတ် (၁၆) ခြေမြန်တပ်ရင်း၊ အမှတ် (၆၈) ခြေလျင်တပ်ရင်း ပူးပေါင်းတပ်က အဆိုပါ စခန်းအနီး ထိုးစစ်ဆင်လာရာ ညနေ ၆ နာရီအထိ ၄ နာရီကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြောင်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကူအင်အား ထပ်ဖြည့်နေကြောင်း သိရသည်။

ဩဂုတ် ၉ ရက်နေ့ကလည်း မြို့နယ်အတွင်း နမ့်လောင်းကျေးရွာအနီး မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သေးသည်။

နမ့်လောင်းကျေးရွာ ဒေသခံများသည် တိုက်ပွဲများကြောင့် ယမန်နှစ်ကတည်းက ရွာလုံးကျွတ် တိမ်းရှောင်နေကြရကာ ယနေ့အထိ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူ မရှိပေ။

အလားတူ မိုင်းယော်တိုက်နယ်သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိသော လားရှိုးမြို့နှင့် နီးကပ်သော်လည်း အင်အားကောင်းသော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ TNLA, MNDAA, AA (ရက္ခိုင့်တပ်တော်) တို့အပြင် မြောက်ပိုင်းရှမ်းလက်နက်ကိုင်တပ် (SSPP/SSA) တို့ အခြေချလှုပ်ရှားပြီး မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့် ဒေသလည်းဖြစ်သည်။

လားရှိုးမြို့အထွက် တိုးဂိတ်အကျော် ဟိုပိတ်ကျေးရွာအနီး ရှိနေသော MNDAA တပ်ဖွဲ့တစ်ဖွဲ့ကို ယမန်နေ့ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းနှင့်အတူ ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“လေယာဉ်အစိမ်းရောင်နဲ့ အရင်လာတာ… ရွာထဲတော့ မဟုတ်ဘူး။ တောထဲမှာ လက်နက်ကြီးတွေ ခဏခဏ ကြားနေရတယ်။ တိုက်ပွဲက တော်တော်ကြာတယ်။ ရွာထဲမှာ ထိခိုက်တာတော့ မရှိပါဘူး“ ဟု အမည်မဖော်လိုသည့် ဟိုပိတ်ကျေးရွာခံတစ်ဦးက ပြောသည်။

ယမန်နေ့ ည ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး MNDAA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသလို ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်အသွယ် မရသေးပေ။

ယခုနှစ် နှစ်ဆန်းမှစတင်၍ ဟိုပိတ်ကျေးရွာအနီး MNDAA က လှုပ်ရှားမှုများရှိလာပြီးနောက် မကြာခဏဆိုသလို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ဒေသခံများက ဆိုသည်။

ဇူလိုင် ၁၈ တွင်လည်း လားရှိုးမြို့နယ် မန်ဂန်ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို MNDAA ၏ တိုင်းရင်းသားတပ်မဟာ (၆၁၁) က စောင့်ကြိုတိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန်လမှစပြီး စစ်ကောင်စီက TNLA, MNDAA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တို့ လှုပ်ရှားရာ ရှမ်းမြောက်ဒေသနေရာများကို ထိုးစစ်ဆင်မှုများ တိုးမြင့်လုပ်ဆောင်ခဲ့ရာ ဇူလိုင် နောက်ဆုံးပတ်မှ သြဂုတ် ပထမပတ်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုများကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ထိုးစစ်ဆင်မှုများ ပြုလုပ်လာပါက တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က Myanmar Now ကို ဩဂုတ် ၆ ရက်နေ့က ပြောထားသည်။

ဇူလိုင်၂၃ မှ ယမန်နေ့ သြဂုတ် ၁၀ အထိ စစ်တပ်နှင့် တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၅ ဦး သေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာပြင်ဖွင့်ထားသည့် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း KIA, ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသူများက ဆွေးနွေးရန် ငြင်းဆန်ခဲ့ကြသည်။

မေလကုန်ခန့်က တရုတ်ဖိအားကြောင့် မြောက်ပိုင်း ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ကြသော်လည်း သတ်မှတ်ရက်မတိုင်မီ ဆွေးနွေးပွဲ အဆုံးသတ်သွားသည်။

ထို့နောက် TNLA, MNDAA တို့နှင့် ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်လာသလို ယာယီအပစ်ရပ်ထားသည့် AA နှင့်လည်း စစ်ရေးတင်းမာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button