သတင်း

မန္တလေးနှင့် နာရီပိုင်းသာ ခရီးရှိသည့် အရပ်တွင် စစ်တပ်မွှေစဉ် ဒေသခံများ သတ်ခံရ

စစ်ကောင်စီတပ်က ငါးရက်ဆက် ဝင်မွှေနေသည့် မန္တလေးမြို့မြောက်ဘက် မိုင် ၃၀ အကွာ မတ္တရာနယ်မှ စကျင်ရွာအတွင်း အမျိုးသား ၃ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ရသည်ဟု စုံစမ်းသိရှိရသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း ဝက်လက်နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော တောကြီးမြွေပွေးတပ်ဖွဲ့က မြစ်အရှေ့ကမ်း၊ မန္တလေးတိုင်း စကျင်ရွာ၌ ဈေးဝယ်သည့် ရုပ်သံဖိုင်တစ်ခု Facebook တွင် ပျံ့နှံ့ခဲ့ပြီး နောက်တစ်ရက် ဩဂုတ် ၆ ရက်မှစ၍ ထိုဒေသတွင်းသို့ စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် စီးနင်းနေခြင်းဖြစ်သည်။

ယမန်နေ့ (ဩဂုတ်၉) နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီ တပ်စွဲထားသော စကျင်ရွာရှိ အထက်တန်းကျောင်း အနောက်ဘက်တွင် စွန့်ပစ်ထားသည့် အမျိုးသားရုပ်အလောင်း ၃ လောင်းကို တွေ့မြင်ခဲ့ရကြောင်း၊ စစ်ကောင်စီရန်ကြောင့် အနီးကပ်ခွင့်မရခဲ့၍ မည်သူမည်ဝါ ခွဲခြားမသိရသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အနားကပ်လို့လည်း မရဘူး။ အဝေးက လှမ်းကြည့်ရတာ”။

စကျင်ရွာ စာသင်ကျောင်း အနောက်ဘက်တွင် ကျောက်တုံးများဖြင့် ဖုံးဖိထားသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်း ရှာတွေ့သည်မှာ မှန်ကန်ကြောင်း၊ ပုပ်ပွနေ၍ နေရာတွင် မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း မတ္တရာမြို့နယ် ပရဟိတအသိုင်းအဝိုင်းမှ အမျိုးသားတစ်ဦးကလည်း ပြောသည်။

စကျင်ရွာသို့ ဈေးဝယ်ထွက်သည့် တောကြီးမြွေပွေးအဖွဲ့ဝင် ၃ ဦးကို အသေဖမ်းမိသည်ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဆိုထားသည်။ တောကြီးမြွေပွေး တော်လှန်ရေးအဖွဲ့ခေါင်းဆောင်ကမူ ၎င်းတို့ အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း လုံးဝမရှိကြောင်း Myanmar Nowကို ယနေ့ (ဩဂုတ် ၁၀) နံနက်ပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် ဧရာဝတီမြစ်အတွင်း၌ပါ ရေယာဉ်များဖြင့် လှည့်လည်နေကြောင်း၊ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိ စကျင်ရွာနှင့် ရွာနီးချုပ်စပ်ဖြစ်သော ဝန်စု၊ ကျည်ကုန်း၊ တလိုင်း၊ ကူးတို့ဆိပ်၊ ထိန်ပင်၊ ရွာသစ်၊ ဝေါ၊ ဟင်္သာ၊ ပုသိမ် စသည့် ရွာပေါင်း ၁၀ ရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း ဒေသတွင်းသတင်းများက ဆိုထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်၌ ရုပ်တုတော်ကြီး ထု၍ ဘုရားတကာဘွဲ့ခံရာတွင် လိုအပ်သည့် စကျင်ကျောက်တုံးများကို စကျင်ရွာမှ တူးယူခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ၃ ဦး မည်သူမည်ဝါဖြစ်သည်နှင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံများ၏ အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မန္တလေးတိုင်း မတ္တရာနယ်နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းအတွင်းမှ ဝက်လက်ကဲ့သို့သော မြို့နယ်များလည်း ထင်ရှားစွာပါဝင်သည်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာသည့် နိုင်ငံအလယ်ပိုင်းဒေသသည် အာဏာသိမ်းစစ်တပ်အတွက်သာမက တော်လှန်ရေးတပ်ဖွဲ့များအတွက်ပါ ဗျူဟာကျသည့် စစ်မြေပြင်ဖြစ်လာသည်။ တော်လှန်ရေးအဖွဲ့များက မန္တလေးမြို့အနီးဝန်းကျင်ရှိ ပြင်ဦးလွင်၊ မိုးကုတ်၊ နောင်ချိုကဲ့သို့သော မြို့များအနီးအထိပါ စစ်ရေးဖြန့်ကြက်လာနေကြသည်။ စစ်ကောင်စီက မန္တလေးမြို့နှင့် အနီးဝန်းကျင်ကို ထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်ကြိုးပမ်းနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button