သတင်း

ဖားကန့်အနီး KIA သိမ်းထားသည့် စခန်းကို စစ်ကောင်စီတပ် ပြန်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် ကသိုဏ်းတောင်စခန်းကို ယနေ့ (ဩဂုတ် ၈ ရက်) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို လေကြောင်းမှပါ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဂျက်တိုက်လေယာဉ် တစ်စီးက ကသိုဏ်းတောင်စခန်းကို ၄ ကြိမ်ခန့် ဗုံးကြဲခဲ့သည်၊ နမ့်မှော်ရွာအနီးရှိ စခန်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု KIA နှင့် နီးစပ်သူ အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ညနေပိုင်းတွင် ပြောသည်။

“၃ နာရီကျော်ကျော်လောက်က ဗုံးလာကြဲသွားတာ၊ လက်နက်ကြီးလည်း ပစ်တယ်၊ အခုလည်း ချနေကြတုန်း၊ တန် ၃၀၀ ကျောက်စိမ်းတုံးနားက နမ့်မှော်မှာ တိုက်နေကြတုန်းပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဖားကန့်မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည့် ကသိုဏ်းတောင်စခန်း၊ တောင်ခြေရှိ နမ့်မှော်စခန်း၊ ဆယ်ဇင်းရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းတို့ အသိမ်းခံရပြီး နောက်တစ်နေ့တွင် ထိုသို့ တိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖားကန့်မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာတွင်ရှိ ကသိုဏ်းတောင်စခန်းကုန်း။

တိုက်ပွဲဖြစ်ပွားရာအနီးတွင် ရှိနေသည့် နမ့်မှော်ရွာရှိ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟုလည်း အသက် ၃၀ အရွယ်ရှိ နမ့်မှော်ဒေသခံ အမျိုးသမီးက ပြောသည်။

အဆိုပါ နမ့်မှော်ဒေသခံများမှာ ယမန်နေ့က တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆိုင်းတောင်ရွာကို တိမ်းရှောင်ခဲ့ရသည်။ ယနေ့နံနက်တွင် ရွာသို့ ပြန်ရောက်လာကြသော်လည်း တိုက်ပွဲထပ်ဖြစ်ခြင်းကြောင့် ဒုတိယအကြိမ် ​တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

“ဒီနေ့မနက် ပြန်လို့ရပြီဆိုလို့ ကျွန်မတို့လည်း ပြန်သွားပြီး ရွာထဲမှာပဲ တိုးတိုးတိတ်တိတ်ပဲ နေနေကြတာ၊ ရာသီဥတုသာယာနေတော့ လေယာဉ်လာမလားဆိုပြီး တွေးနေတာ တကယ်လာပစ်တာပဲ” ဟု အထက်ပါ နမ့်မှော်ဒေသခံ အမျိုးသမီးက ပြောသည်။

နမ့်မှော်ရွာတွင်း၌ ရွာစောင့်အချို့သာ ထားရစ်ခဲ့ပြီး ရာနှင့်ချီသည့် ရွာသားများမှာ မှော်ရှန်ရွာနှင့် နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြရသည်။

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ယနေ့ ထိခိုက်ပျက်စီးမှုအခြေအနေများကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို KIA ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ကမူ အဆိုပါစခန်းများကို KIA က သိမ်းပိုက်ထားပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောဆိုထားသည်။ 

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စခန်းသိမ်းတိုက်ပွဲနေ့က စစ်ကောင်စီတပ်ဘက်တွင် အကျအဆုံးများသည်၊ စခန်းရှိ အရာတစ်ဦးနှင့် မိသားစုဝင်အချို့ကို KIA က ဖမ်းဆီးရမိခဲ့သည်ဟု ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများပြန်လည်ဖစ်ပွားခဲ့ရာ KIA တပ်များ လှုပ်ရှား ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တွင် ကျောက်စိမ်းအကျိုးစီးပွားများရှိရာ ဖားကန့်မြို့နယ်က ရှေ့ဆုံးမှ ဦးဆောင်နေသော်လည်း လိုင်ဇာ ဌာနချုပ်နှင့်နီးသည့် ဆန်ယန်ရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားလာပြီးနောက် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ကချင်ပြည်နယ်ပါဝင်သည့် မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၉၄ ကြိမ် ဖြစ်ပွားခဲ့သည်၊ ဇွန်လအတွင်းတွင်မူ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button