
ပဲခူးတိုင်း ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ၈ ဦး တိုက်ပိတ်ခံထားရပြီး ၎င်းတို့၏ ကျန်းမာရေး၊ အသက်အန္တရာယ်နှင့် ပတ်သက်ပြီး သတင်းမရသည်မှာ ရက်သတ္တ ၂ ပတ်ကြာပြီ ဖြစ်သည်ဟု အကျဉ်းသားများကွန်ရက်အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။
ဇူလိုင် ၂၅ တွင် အသက် ၂၀ မှ ၄၅ နှစ်အတွင်းရှိ နိုင်ကျဉ်းများကို ထောင်အာဏာပိုင်များက ရိုက်နှက်ကာ တိုက်ပိတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။
တိုက်ပိတ်ခြင်း ဆိုသည်မှာ အကျဉ်းသားကို လေအဝင်အထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းအတွင်း ပိတ်လှောင်ခြင်း ဖြစ်ပြီး ထိုသို့ ဒဏ်ခတ်ထားသည့် ကာလအတွင်း မိသားစုထံမှ ပစ္စည်းလက်ခံခွင့် မရှိပေ။ ထို့ပြင် အပြင်းအထန် ရိုက်နှက်ခြင်းလည်း ခံရလေ့ရှိသည်။
တိုက်ပိတ်ခံရသူများတွင် ကိုဖြိုးအောင်(ခ)ကိုဖြိုး၊ ကိုအောင်ပိုင်သူ(ခ)မိုးညိုနှင့် ကိုအောင်ပိုင်(ခ) ဖိုးကဲတို့ ပါဝင်သည်။ အခြားသူများ၏ အမည်များကို မသိရသေးပါ။
အကျဉ်းထောင်သို့ ထောင်အရာရှိတစ်ဦး လာစဉ် ကိုဖြိုးအောင်က ခေါင်းငုံ့ပြီး မထိုင်မိ၍ ထိုသို့ ဒဏ်ခတ်ခြင်း ဖြစ်ကြောင်း၊ ကိုဖြိုးအောင်ဘက်မှ ကာကွယ်ပြောဆိုမိသူ နိုင်ကျဉ်း ၇ ဦးလည်း အလားတူ ဒဏ်ခတ်ခံရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။
“ကိုဖြိုးအောင်က ပုံစံမထိုင်လိုက်မိဘူးပေါ့ဗျာ၊ အဲဒါကို ကလန်ကဆန်လုပ်တယ်ဆိုပြီး ဝိုင်းရိုက်ကြတယ်၊ ပြီးတော့ တိုက်ပိတ်တယ်၊ တင်ပြတဲ့လူတွေကိုပါ ဘာလျှာရှည်တာလဲ၊ မင်းတို့က ငါတို့စီမံခန့်ခွဲမှုကို ဘာအထွန့်တက်တာလဲဆိုပြီး သူတို့ကိုပါ ထပ်ရိုက်ပြီး တိုက်ပိတ်လိုက်တယ်” ဟု သူက ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်နေ ကိုဖြိုးအောင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၀ (ဈ) ဖြင့် စစ်ခုံရုံးက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ တွင် ထောင်တစ်သက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှ ကိုအောင်ပိုင်(ခ)ဖိုးကဲသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။
၎င်းတို့ကို အာဏာသိမ်းမှုဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် စစ်သင်တန်းတက်ခြင်း၊ မြို့ပြတွင် မိုင်းထောင်ဖောက်ခွဲခြင်းတို့ ပြုလုပ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၀ နီးပါးကို ဇွန် ၂၇ တွင် သာယာဝတီထောင်နှင့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုပြောင်းရွှေ့မှုတွင် နိုင်ကျဉ်းအချို့ ထွက်ပြေးသည်ဆိုကာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး သေဆုံးပြီဟု အတည်ပြုစာရသူ ၉ ဦးထိရှိပြီး ယခုထိ သတင်းပျောက်နေသူ ၂ ဦး ရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လ ၈ ရက် ထုတ်ပြန်ချက်တွင် နိုင်ကျဉ်းအရေအတွက် ၁၉၇၃၁ ဦးထက်မနည်း ဖော်ပြထားသည်။
နိုင်ငံသမိုင်းတစ်လျှောက် နိုင်ငံရေးယုံကြည်ချက်၊ လှုပ်ရှားမှုတို့ကြောင့် စံချိန်တင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
“သိမီသမျှ ခေတ်ကာလတစ်လျှောက်မှာ ဒီကနေ့ကာလ ကြုံတွေ့နေရတာဟာ အဆိုးဆုံးအခြေအနေလို့ ပြောရမှာပါ” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောဆိုထားသည်။
“နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ အကျဉ်းချခံနေရပေမဲ့လည်း ဘယ်အချိန် လာခေါ်ပြီး ဘယ်လိုညှဉ်းပန်းမှုတွေ ရင်ဆိုင်ရမလဲဆိုတာကို စိုးရိမ်တကြီးနဲ့ နေထိုင်ကြရတာပါ။ ဒါဟာ တရားဥပဒေဆိုတာ အဟောသိကံ ဆိုက်သွားပြီဆိုတဲ့ သက်သေပြချက်တစ်ခုပါပဲ”
ဩဂုတ်လ ၁ ရက်တွင် အကျဉ်းသား ၇,၀၀၀ ကျော်ကို စစ်ကောင်စီက လွှတ်ပေးလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။
ယခင်ကလည်း နိုင်ကျဉ်းပါဝင်မှု နည်းပါးသလို လွတ်ရက်စေ့ခါနီး နိုင်ကျဉ်းများကို လွှတ်ပေးခြင်း ဖြစ်သည်။
အကျဉ်းထောင်များတွင် နိုင်ကျဉ်း စံချိန်တင်များပြားနေသော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC သည်လည်း မြန်မာ့အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေး ကူညီခွင့်မရပေ။
ICRC သည် ကိုဗစ်ကပ်ဘေး မတိုင်မီက အကျဉ်းထောင်များ၊ အချုပ်ခန်းများကို ဝင်ရောက်ကာ ကြက်ခြေနီလုပ်ငန်းဆောင်ရွက်ခွင့် ရရှိခဲ့သည်။
အကျဉ်းသားများကို မိသားစုတွေ့ဆုံခွင့်မှာလည်း စစ်ကောင်စီက ကပ်ဘေးအကြောင်းပြပြီး ဆက်လက်ပိတ်ပင်ထားရာ အကျဉ်းသားများ၏ ကျန်းမာရေးနှင့် သတင်းအချက်အလက်များကို ပြင်ပရှိ မိသားစုဝင်တို့ သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)