သတင်း

ဝမ်ပေါင်စီမံကိန်းအနီးရွာကို စစ်တပ် ခြံခတ်၊ ဒေသခံများ ပိတ်မိနေ

စစ်တပ်နှင့် တရုတ် ပူးပေါင်း၍ ကြေးနီထုတ်နေသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်စီမံကိန်းအနီးမှ ဝက်မှေးရွာကို စစ်ကောင်စီက အကြောင်းကြားခြင်းမရှိဘဲ ခြံစည်းရိုးခတ်လိုက်သဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၅၀ ဝန်းကျင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

လက်ပံတောင်းတောင်ကြီးကို ဖြိုချ၍ ကြေးနီထုတ်နေသည့် ဝမ်ပေါင်စီမံကိန်းဧရိယာ အရှေ့ဘက် ကပ်လျက်နီးပါးတည်ရှိသည့် ဝက်မှေးရွာကို ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းမှစ၍ လက်နက်ကိုင်လုံခြုံရေး အစောင့်အကြပ်ယူ၍ တိုင်များစိုက်ထူကာ သွပ်ဆူးကြိုးသုံး ခြံစည်းရိုးခတ်ပစ်ခဲ့ခြင်းဖြစ်သည်။

အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ဝက်မှေးရွာသည် ၂၀၁၀ မတိုင်မီက စီမံကိန်းဧရိယာတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ ရွှေ့ပြောင်းခံခဲ့ရသည်။ သို့သော်လည်း ရွှေ့ပြောင်းရန် ငြင်းဆန်သည့် အိမ်ခြေ ၃၀ ဝန်းကျင်မှာ ထိုရွာဟောင်းနေရာတွင် ဆက်လက် တည်ရှိနေသည်။

ဝက်မှေးကျေးရွာတွင် ပိတ်မိ ကျန်ရစ်နေသူအများစုမှာ လူလတ်ပိုင်းအရွယ်များဖြစ်ကြောင်း၊ အသက် ၆၀ မှ ၈၀ ကြား ၁၀ ဦး၊ ကလေး ၁၀ ဦးခန့် ပါဝင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားနှစ်ဦးထံမှ သိရသည်။

“(ဝမ်ပေါင်) ကုမ္ပဏီကလည်း အကြောင်းမကြားသလို။ စစ်တပ်ပိုင်းဆိုင်ရာကလည်း ဒါနဲ့ ပတ်သက်ပြီး အကြောင်းကြားခြင်းမရှိဘူး။ ဘယ်သူကမှ ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ပါ့မယ်၊ ညာလုပ်ပါ့မယ်လို့ မပြောဘဲနဲ့ သူတို့ဘာသာ သူတို့ (ခြံစည်းရိုး) ခတ်သွားတာ” ဟု ကိုရိုး* က ပြောသည်။

စစ်ကောင်စီက ယမန်နေ့ (ဩဂုတ် ၆ ရက်) အထိ ဝက်မှေးရွာဟောင်း ပတ်ပတ်လည်ကို ခြံစည်းရိုးခတ်နေဆဲဖြစ်ကာ ရွာတောင်ဘက်ဧရိယာသာ ကျန်ရှိတော့ကြောင်း၊ ထိုအခြေအနေတွင် ရွာတွင်းရှိ ကလေးနှင့် သက်ကြီးရွယ်အိုများကို ရွာပြင်ပသို့ ခေါ်ထုတ်ချိန်တွင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ကိုမျိုး* က ပြောသည်။

“ဝမ်ပေါင်ကုမ္ပဏီက စစ်တပ်အားကိုးနဲ့ လုပ်တဲ့အနေအထားပေါ့။ အခုလောလောဆယ် စစ်တပ် အာဏာသိမ်းထားပြီးတော့ ထင်တာတွေ လုပ်နေကြတဲ့အချိန်မှာ အာဏာအလွဲသုံးစားလုပ်ပြီးတော့ ဝမ်ပေါင်ကုမ္ပဏီကနေ ရွာဟောင်းမှာရှိတဲ့သူတွေကို မတရားလုပ်တာ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ခြံစည်းရိုးခတ်ခံရသည့် ဝက်မှေးရွာတည်နေရာ။

ဝက်မှေးရွာနည်းတူ ရွှေ့မပေးဘဲ ဆက်လက်နေထိုင်သူများရှိနေသည့် ဝမ်ပေါင်စီမံကိန်းတောင်ဘက် ဆည်တည်းရွာ၊ ဇီးတောရွာတို့ကိုမူ စစ်ကောင်စီက ခြံစည်းရိုးခတ်ပိတ်ဆို့ခြင်း မရှိသေးဟု အထက်ပါ ဒေသခံနှစ်ဦးထံမှ သိရသည်။

စီမံကိန်းထံမှ လျော်ကြေးယူမထားသူများ မူလနေရာဟောင်းတွင် ဆက်လက်နေထိုင်နေကြခြင်းဖြစ်ပြီး ပြောင်းရွှေ့စေလိုပါက ၎င်းတို့နှင့် လာရောက် ညှိနှိုင်းရန် လိုအပ်ကြောင်း၊ ညှိနှိုင်းမှုမရှိဘဲ ပိတ်ပစ်သည့် လုပ်ရပ်သည် ရွာဟောင်းတွင် ရှိနေသည့် ဒေသခံတို့ စားဝတ်နေရေး ဒုက္ခတွေ့စေပြီး နိုင့်ထက်စီးနင်းလုပ်ရာကျကြောင်း ကိုမျိုးက ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်ကောင်စီထံမှ သတင်းထုတ်ပြန်ချက် ထွက်ပေါ်မလာသေးပေ။

သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ လူမှုစီးပွား ပျက်ယွင်းမှုများဖြစ်ပေါ်ခဲ့သည့် လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံတို့က ဆယ်စုနှစ်နှင့်ချီ၍ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်လာရာ ယခင်က ပုန်ကန်လေ့မရှိသော နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှ ဒေသများလည်း ခုခံမှုတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ပေါင်းများစွာရှိနေပြီး ကြေးနီစီမံကိန်းတည်ရှိရာ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်လည်း ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ အခြေစိုက်လှုပ်ရှားကာ စစ်ကောင်စီကို ရံဖန်ရံခါတိုက်ခိုက်နေကြသည်။

ဆားလင်းကြီးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များက ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းများ ရပ်တန့်ထားရန် ၂၀၂၂ ခုနှစ် ဧပြီလတွင် သတိပေးစာထုတ်ပြန်ခဲ့ဖူးသည်။ ဝမ်ပေါင်က လုပ်ငန်းများ ရပ်တန့်ထားသည်ဟု ဆိုထားသော်လည်း ကြေးနီပြားများကို စီမံကိန်းနယ်မြေအတွင်းမှ ပြင်ပသို့ ပို့ဆောင်နေသည်ဟု သိရသည်။ ကြေးနီသယ်သည့် ခရီးစဉ်အတွက် အသုံးပြုသည့် ပုသိမ်-မုံရွာလမ်းပေါ်ရှိ ကျေးရွာများကို စစ်ကောင်စီက မကြာခဏ စစ်ဆင်ရေးလုပ်နေခြင်းမှာ ထိုစီမံကိန်းကို အကာအကွယ်ပေးရေးအတွက် ဖြစ်နိုင်သည်ဟု တော်လှန်ရေးအဖွဲ့များက ယူဆနေကြသည်။ 

လက်ပံတောင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များ ပြုစုထားသော စာရင်းအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ဒေသတွင်း အရပ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

(*လုံခြုံရေးအရ အမည်လွှဲထားသည်)

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button