မကွေးတိုင်း၊ ဆောမြို့နယ်တွင် အချုပ်ကျနေသည့် အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးထားပြီး တရားစွဲဆိုနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။
ဆောမြို့နယ်ရှိ အချုပ်ခန်းတစ်ခန်းတွင် ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ထိုအမျိုးသမီးကို အချုပ်ခန်းစောင့် ပလဖရဲဘော် ၈ ဦးက ဧပြီနောက်ဆုံးပတ်တွင် မုဒိန်းမှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဖမ်းဆီးကျူးလွန်တဲ့သူအားလုံးကို အချုပ်ထောင်ထဲမှာ ဖမ်းဆီးထားပြီ” ဟု ဆောမြို့နယ် ပအဖခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက ပြောသည်။
ကျူးလွန်သူဟု သံသယရှိသူများကို ဇွန်လတည်းက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရသူ ဦးနေဘုန်းလတ်က Myanmar Now ကို ပြောသည်။
အမှုဖြစ်စဉ်
ကျူးလွန်ခံရသူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးမှာ လွန်ခဲ့သည့် ၅ နှစ်ခန့်က ရန်ကုန်မှ ဆောမြို့နယ်သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုဒဏ်တို့ကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ချိန် ခိုးမှုကျူးလွန်သဖြင့် ပြီးခဲ့သည့် ၂၀၂၂ နှစ်လယ်ပိုင်းမှစတင်၍ အချုပ်ကျနေသူ ဖြစ်သည်။
အချုပ်ခန်းတွင် ကာလရှည်ကြာ ပြစ်ဒဏ်ချမှတ်ခံရသူမှာ ထိုအမျိုးသမီးတစ်ဦးသာရှိသည်။
အမှုဖြစ်ပွားပြီးနောက် တိုက်နယ်အဆင့် ပအဖတာဝန်ခံက ကျူးလွန်သူများကို ဖမ်းဆီးအရေးယူခြင်း မရှိဘဲ ဒဏ်ကြေးငွေ ကျပ် ၆ သိန်းဖြင့် ကျေအေးစေကာ၊ ကျူးလွန်ခံရသူ အမျိုးသမီးကို ပလဖအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြို့နယ်ပအဖ ခေါင်းဆောင်က ပြောသည်။
ထိုသို့ကိုင်တွယ်ဖြေရှင်းပုံကို မကျေနပ်သည့် ပြည်သူတချို့က မေလအတွင်း သတင်းပေးပို့လာသဖြင့် မြို့နယ်ပအဖအဖွဲ့က သိရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့နောက် နှစ်လကြာ စစ်ဆေးပြီး သက်သေအထောက်အထားခိုင်လုံသဖြင့် ကျူးလွန်သူများကို ဇွန်လကုန်တွင် ဖမ်းဆီးခဲ့ကြောင်း ပအဖထံမှ သိရသည်။
“ကြားထဲမှာ စစ်ကြောင်းကိစ္စတွေရော၊ အထောက်အထား မခိုင်လုံဘဲနဲ့ ကိုယ့်အချင်းချင်း ပြန်ဖမ်းတဲ့ ကိစ္စမျိုးဆိုရင် ပြဿနာ ပိုကြီးသွားမှာစိုးတဲ့အတွက် သေချာစောင့်ကြည့်ပြီးတော့ သက်သေအထောက်ထားတွေ ရှာတဲ့အခါမှာ ခိုင်လုံတဲ့အနေအထားမျိုးတွေ ရရှိတဲ့အချိန်မှာ ဇွန်လ ၂၉ ရက်နေ့မှာ ကျူးလွန်သူတွေကို ဖမ်းဆီးခဲ့တယ်” ဟု ပအဖမြို့နယ်ခေါင်းဆောင်က ပြောသည်။
ကျူးလွန်သူများအနက် ၇ ဦးကို ဇွန်လ ၂၉ တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ထိုအချိန်က ဆောနယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ၂ ခု ထိုးနေသဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ ကျန် ၁ ဦးကို ဇူလိုင် ၃၁ တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကာယကံရှင် အမျိုးသမီးကို လက်ရှိ၌ လုံခြုံဘေးကင်းရာနေရာတွင် စောင့်ရှောက်ထားပြီး ကျန်းမာရေးကောင်းမွန်သည်ဟု အထက်ပါပအဖ အဖွဲ့ခေါင်းဆောင်က ဆိုသည်။
ကျူးလွန်သူများ
ဖမ်းဆီးခံထားသူများထဲမှ ၇ ဦးမှာ ထိုအချုပ်ခန်းတွင် အခြားအမှုများကြောင့် ပြစ်ဒဏ်ကျခံရဖူးကြောင်း၊ လွတ်မြောက်လာပြီးနောက် ပလဖအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံထားရကြောင်း မြို့နယ်ပအဖအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။
ခိုးမှု၊ ရိုက်မှု၊ ကျေးရွာအတွင်း မူးရစ်ယမ်းကားပြီး ဆူပူသောင်းကျန်းမှု စသည့် အမှုများနှင့် ဖမ်းဆီး ပြစ်ဒဏ်ချခံခဲ့ရသူများဖြစ်ကာ ၎င်းတို့ ချုပ်ရက်လွတ်ချိန် ကျေးရွာများသို့ မပြန်စေဘဲ ပလဖ အစမ်းခန့်အဖွဲ့ဝင်များအဖြစ် ယခုနှစ်ဆန်းပိုင်းမှစတင်ခန့်ထားခဲ့ကြသည်ဟု စစ်ဆေးချက်များကို ကိုးကားပြီး မြို့နယ်ပအဖအဖွဲ့ခေါင်းဆောင်က ပြောသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့များ ခန့်အပ်ရာတွင် လိုက်နာရမည့် အချက်များကို တိုက်နယ်ပအဖအနေဖြင့် မလိုက်နာဘဲ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ကိုင်ခဲ့ကြောင်း သူက ဆိုသည်။
“ဒီလိုမျိုး ခန့်လို့ရတယ်လို့ မူဝါဒချပြီး လမ်းစဉ်ဆွဲထားတာမရှိဘူး။ ကျွန်တော်တို့ဘက်ကတော့ မြို့နယ်အဖွဲ့အစည်းတွေ အနေနဲ့ ယုံကြည်ရမယ့်၊ အားကိုးရမယ့် လူငယ်လူလတ်ပိုင်းကိုလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ ထောက်ခံမှုနဲ့ ခန့်ရမယ်လို့ ပြောထားတာ။ ဒါကို လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့ ဒီလိုခန့်အပ်လိုက်တဲ့ကိစ္စဖြစ်သွားတာပါ”
ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများ ခန့်အပ်ရာတွင် တာဝန်ကျေပွန်စွာဆောင်ရွက်နိုင်သူ၊ စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာဆောင်ရွက်နိုင်သူများကို တာဝန်ပေးရန် သတ်မှတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“အခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး လွဲမှားတဲ့ တာဝန်ပေးမှုတွေရှိခဲ့ရင် အဲ့ဒီလုပ်ရပ်အတွက် တာဝန်ရှိသူတွေကိုပါ ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်”
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် လက်နက်ကိုင်ခုခံ တော်လှန်မှုအားကောင်းရာ ဒေသဖြစ်သည့် မကွေးတိုင်း၊ ဆောမြို့နယ်မှာ တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းပြီး ယမန်နှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ကြားကာလဒေသန္တရအုပ်ချုပ်ရေး စတင်ဖော်ဆောင်လျက်ရှိသည့် မြို့နယ်ဖြစ်ပြီး အချုပ်ထောင်စခန်း ၄ ခု ရှိကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း အချုပ်ထောင်စခန်းအားလုံးကို စောင့်ကြည့် ထိန်းသိမ်းရာတွင် လိုအပ်ချက်ရှိခဲ့ကြောင်း မြို့နယ်ပအဖက ဆိုသည်။
တရားဥပဒေ စိုးမိုးမှုအကောင်ထည်ဖော်နိုင်ရန် ရဲလုပ်ငန်းတာဝန်ယူရသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကို ကျေးရွာအဆင့်နှင့် မြို့နယ်အဆင့် ခွဲခြားသတ်မှတ်ထားသည်။ ကျေးရွာအဆင့်ပလဖများမှာ ရပ်ရွာလုံခြုံရေးကို အဓိကလုပ်ဆောင်ရသူများဖြစ်သည်။
မြို့နယ်အဆင့်ပလဖမှာ ကျေးရွာပလဖများနှင့် ချိတ်ဆက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးခြင်း၊ အချုပ်ထောင်စခန်း လုံခြုံရေးကို တာဝန်ယူရကြောင်း သိရသည်။
လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ခဲ့သည့် တိုက်နယ်ပအဖတာဝန်ခံကို ဖမ်းဆီးထားခြင်း မရှိသေးသော်လည်း NUG ထံ တိုင်ကြားထားကာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု မြို့နယ်ပအဖက ဆိုသည်။
ပြည်သူကို မျက်နှာမူရမည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့ပြစ်မှု ကျူးလွန်သည့်အပေါ် ဝေဖန်မှုများထွက်ပေါ်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်၏ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်မှုကို ဒေသခံများက စောင့်ကြည့်နေကြသည်။
“ဒီလိုဖြစ်သွားတဲ့အပေါ်မှာ တော်လှန်ရေးပုံရိပ်ကို အနည်းနဲ့အများ ထိခိုက်သွားတဲ့အတွက် ပြည်သူလူထုကို တောင်းပန်ပါတယ်။ ဒါမျိုးထပ်မဖြစ်အောင် သေချာကြီးကြပ်ဆောင်ရွက်သွားပါမယ်”ဟု မြို့နယ် ပအဖအဖွဲ့ခေါင်းဆောင်က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ယောဒေသ ဂန့်ဂေါမြို့နယ်ခရိုင် ပကဖ ဥက္ကဋ္ဌ ဒေါ်ယဉ်မင်းလှိုင်ကို ဖြုတ်ချပေးရန် ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
မြေပြင်တော်လှန်ရေးအင်အားစုများကြား စုစည်းနိုင်ရေး အရေးကြီး ဦးစားပေး လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ် ၁၆ တွင် ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ပြောခဲ့သော်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစသည့် နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသများတွင် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ရှိနေသည်။
တော်လှန်ရေးကာလအတွင်း ကာကွယ်ရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်များကြား ပဋိပက္ခများ၊ အငြင်းပွားမှုများကို ထိန်းညှိဖြေရှင်းနိုင်ရန်အတွက် တိုင်ကြားမှုများဆိုင်ရာကော်မတီတစ်ရပ်ကို မေလဆန်းက စတင်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
NUG လက်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပြင် ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များအဆင့်ဆင့်ဖွဲ့စည်းထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)