သတင်း

စစ်ကိုင်းတိုင်း ကသာတွင် စစ်တပ်ကြောင့် ကလေးငယ်အပါအဝင် နှစ်ဦးသေ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ရေကြောင်း၊ ကုန်းကြောင်းသုံး၍ စစ်ဆင်ရေးလုပ်နေသည့် စစ်ကောင်စီကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးကာ လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင်လကုန်ပိုင်းတွင် နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမှတစ်ဆင့် ဧရာဝတီစစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘော ၉ စီးကို လမ်းတစ်လျှောက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တောက်လျှောက်တိုက်ခိုက်နေကြရာ စစ်ကောင်စီက သင်္ဘောများပေါ်မှနေ၍ ဘေးဝဲယာရွာများကို ပစ်ခတ်သလို မြေပြင်စစ်ကြောင်းကလည်း ရွာအချို့ကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။

ထိုသင်္ဘော ၉ စီး ကသာမြို့နယ်အတွင်းသို့ ဝင်ရောက်လာချိန် ယမန်နေ့ (ဩဂုတ် ၃) မွန်းတည့်ချိန်၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကသာမြို့တောင်ဘက် ၁၅ မိုင်ကျော်အကွာ ဦးစောကျွန်းရွာမှ ၁၀ နှစ်သမီး မဝါဆိုမိုးဦး လက်နက်ကြီးစ ထိမှန်သေဆုံးသည်ဟု ထိုဒေသတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ထီးချိုင့်က ထွက်ပြီးဆိုကတည်းက သူတို့ဘယ်လိုထင်လဲမသိဘူး တအားကို ပစ်တာ။ ဆုံးတဲ့ ကလေးမလေးက အိမ်ထဲမှာရှိနေတုန်း လက်နက်ကြီးစမှန်သွားတာ” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၃ ရက်တွင် နောက်ထပ်သေဆုံးသူတစ်ဦး၏ အလောင်းကို ကသာမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ကျောက်ထုံးကြီးရွာတွင် ရှာတွေ့ခြင်းဖြစ်ပြီး အမည်နှင့် အချက်အလက်အသေးစိတ် မသိရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျောက်ထုံးကြီးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့မှာ စစ်ကောင်စီရေယာဉ်အုပ်စုကို လုံခြုံရေးယူပေးနေခြင်းဖြစ်ပြီး ထိုနေ့မတိုင်မီ ၃ ရက်ကတည်းက ကျောက်ထုံးကြီးရွာတွင် တပ်စွဲနေခဲ့ကြောင်း၊ တပ်စွဲထားချိန်အတွင်း ကျောက်ထုံးကြီးရွာမှ နေအိမ် ၅၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း အထက်ပါ ရွာခံက ဆက်ပြောသည်။

“အဲဒီအလောင်းကတော့ ရွာဦးပေါ့။ ဘူးဘုရားလမ်းကနေ ကုန်းတက်နားပေါ့။ အဲဒီရဲ့ အကျော်လေးမှာ ထားသွားခဲ့တာ”။

ကျောက်ထုံးကြီးရွာတွင် စစ်ကြောင်းရှိနေစဉ် ဒေသခံ ၃၅၀ ကျော်ကို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားခဲ့သလို ဖုန်းအားလုံးကိုလည်း သိမ်းယူသွားသလို ရွာသား ၁၉ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည်ဟု အထက်ပါ ရွာခံက ဆိုသည်။

စစ်ကောင်စီတပ်၏ သင်္ဘောများတွင် ၆ စီးမှာ မြစ်တွင်းသွား ခရီးသည်တင်ဖြစ်ပြီး ၂ စီးမှာ လက်နက်တပ်ဆင်ထားသည့် စစ်သင်္ဘော gun boat အမျိုးအစားဖြစ်ကာ၊ တွဲသင်္ဘောဖြစ်သည့် ကျန် ၁ စီးပေါ်တွင် မော်တော်အမြောက်ကဲ့သို့သော လက်နက်ကြီးတင်ကာ မြစ်ကြောင်းဝဲယာတစ်လျှောက်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ ပအဖ တာဝန်ရှိသူက ဆိုသည်။

ထိုသင်္ဘောအုပ်စုကို ထီးချိုင့်မြို့နယ် အောက်ဝဲကြီးရွာနားတွင် တစ်ကြိမ်၊ ကသာမြို့နယ် ညောင်ခြေထောက်နှင့် သံပုရာရွာကြားတွင် တစ်ကြိမ် ဒေသခံကာကွယ်ရေးအဖွဲ့များပေါင်း၍ စိန်ပြောင်း၊ လျှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ခန့်မှန်းခြေ ကသာမြို့နယ်ထဲက ညောင်ခြေထောက်နားမှာ ပစ်လိုက်တယ်။ မီးခိုးအူသွားပြီး သင်္ဘောလည်း (ရေထဲမှာ) လည်သွားတယ်ဆိုပြီး သိရတယ်။ သေချာအသေးစိတ်‌တော့ မသိရသေးဘူး”

ထိုသင်္ဘောအုပ်စုမှာ ယနေ့ (ဩဂုတ် ၄) မွန်းလွဲပိုင်းအထိ ကသာမြို့နယ် သဖန်းကိုင်းဆိပ်တွင် ရပ်နားထားဆဲဖြစ်ကြောင်း၊ မြေပြင်စစ်ကြောင်းမှာ ကျောက်ထုံးကြီးရွာ တောင်ဘက် ၆ မိုင်ခန့်အကွာ အင်းဒရန့်ရွာသို့ ရောက်နေကြောင်း ပအဖတာဝန်ရှိသူထံမှ သိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်မှုများ ပြုလုပ်လာကြရာ စစ်ကိုင်းတိုင်းမှာ အားကောင်းသည့် ဒေသတစ်ခုဖြစ်နေသည်။

စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးတွင် ရှိသည့် မြို့နယ်များဖြစ်သည့် ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များသည် ဝါရင့်တော်လှန်ရေးအဖွဲ့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးကူညီမှုများကို ရရှိနေပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ခုခံနေကြသည်။

စစ်ကောင်စီက KIA အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်းသို့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်ရာတွင် ဧရာဝတီမြစ်ကြောင်းကို အသုံးပြုလေ့ရှိရာ မြစ်ကြောင်းတစ်လျှောက် စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်သည့် ဒေသကာကွယ်ရေးအဖွဲ့များကလည်း ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button