ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်နှင့် ၁၂ မိုင်ခန့်သာ ဝေးသည့် မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီဘက်က စစ်ကူပို့လျက်ရှိရာ တိုက်ပွဲများဆက်ဖြစ်နေသည်ဟု KIA တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်က နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်မှာ တစ်လခန့် ရှိလာပြီဖြစ်ကာ ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ မလိယန်ရွာနှင့် ဂျာပူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
“မြစ်ကြီးနားဘက်က ထပ်တိုးလာတဲ့စစ်ကူတွေပေါ့၊ စစ်ကြောင်းတွေကို ကျွန်တော်တို့ ခုခံတိုက်ပွဲဖြစ်တဲ့ အနေအထားဖြစ်ပါတယ်။ အခုကတော့ သူတို့လည်း နားနေကြပြီ။ ဒါပေမဲ့ အင်အားကတော့ မသိရသေးပါဘူး” ဟု ယနေ့တိုက်ပွဲနှင့် ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မွန်းတည့်ချိန်ခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုမူ မသိရသေးဟုလည်း ၎င်းက ပြောသည်။
ပစ်ခတ်သံများ ကြားရသည်ဟု တိုက်ပွဲဖြစ်ရာနေရာနှင့် ၉ မိုင်ခန့်အကွာရှိ ကဇူးယန်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးသံတွေ ကြားနေရတယ်။ နောက်ဆုံးဖြစ်တာကတော့ ၁၁ နာရီလောက်အထိပဲ ဒီဘက်မှာ မိုးတွေအရမ်းရွာနေလို့၊ ဒီမနက်ကတော့ တော်တော်ပြင်းတယ်ထင်တယ်။ လက်နက်ကြီးပစ်တာတွေ များတယ်”
တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ခါယာဘွမ်တောင်မှ လက်နက်ကြီးပစ်ကူပေးနေပြီး နမ်ဆန်ယန်ရွာကိုလည်း မကြာမကြာ လက်နက်ကြီးဖြင့် လှမ်းပစ်သည်ဟု အထက်ပါဒေသခံက ဆိုသည်။
စစ်ကောင်စီက လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းကတည်းက KIA ဌာနချုပ်ဦးတည်ဒေသတစ်လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ရွာအနီးတွင် ထိုစဉ်ကတည်းက တိုက်ပွဲဖြစ်နေခြင်းပင်။
နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် စစ်ကောင်စီက ဇူလိုင် ၈ ရက်၊ ၂၁ ရက်နှင့် ၂၇ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံများ ရွာကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြသည်။
လက်ရှိတွင် စစ်ကောင်စီက နမ်ဆန်ယန်ရွာကို ထိန်းချုပ်နိုင်ရေး မြစ်ကြီးနား၊ ဝိုင်းမော် စသည့် မြို့များမှ စစ်အင်အားများ ပို့ဆောင်နေသည့်နည်းတူ ဗန်းမော်၊ ဒေါ့ဖုန်းယန် စသည့် မြို့များမှလည်း ရာနှင့်ချီသော စစ်ကူများ နမ်ဆန်ယန်ရွာအနီး ရောက်ရှိနေသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ KIA ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တွင် ကျောက်စိမ်းအကျိုးစီးပွားများရှိရာ ဖားကန့်မြို့နယ်လည်း အပါအဝင်ပင်။ လက်ရှိတွင် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးရှိ ဆန်ယန်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးနေသဖြင့် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည်။
ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ကချင်ပြည်နယ်ပါဝင်သည့် မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း အကြိမ် ၉၄ ကြိမ် ဖြစ်ပွားခဲ့သည်၊ ဇွန်လအတွင်းတွင်မူ တိုက်ပွဲပေါင်း ၉၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)