သတင်း

အင်းတော်တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းမြောက်ပိုင်း အင်းတော်မြို့နယ်အတွင်း KIA/PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (သြဂုတ် ၂) နံနက်အစောပိုင်း၌ ငါးနာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးတပ် Indaw Revolution(IR) ထံမှ သိရသည်။

စစ်ကောင်စီ၏ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် အင်းတော်အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ နဘားလမ်းဆုံအနီးသို့ နံနက် ၆ နာရီခန့်တွင် ရောက်ရှိလာပြီးနောက် ယင်းဒေသတစ်ဝိုက် လှုပ်ရှားနေသည့် KIA (ကချင်လွတ်လပ်ရေးတပ်မတော်)၊ Indaw Revolution အပါအဝင် ဒေသခံ PDF တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဉ် နံနက် ၁၀ နာရီခန့်တွင် နဘားလမ်းဆုံမှ ဖြတ်သန်းသွားသည့် Light Truck ကားကို ရပ်တန့်မပေးဟုဆိုကာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံအချို့ကို ကိုးကားပြီး Indaw Revolution(IR) ၏ တာဝန်ခံက ပြောသည်။

“…ကားဆရာကတော့ သေသွားတယ်၊ ကားနောက်မှာပါတဲ့ နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ အခု သူတို့ကို ကသာဆေးရုံကို ပို့လိုက်ကြပြီ” ဟု ၎င်းက ပြောသည်။ 

သေဆုံး၊ ဒဏ်ရာရသူများအကြောင်း အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ယင်းတာဝန်ခံက ဆိုသည်။

သေနတ်သံများသည် နံနက် ၁၁ နာရီခန့်မှစတင်ကာ ငြိမ်သက်သွားပြီးနောက် စစ်ကောင်စီတပ်က နဘားလမ်းဆုံတွင် ဆက်လက်တပ်စွဲထားသည်ဟု သိရသည်။ တိုက်ပွဲကြောင့် နဘားလမ်းဆုံအနီး ခရီးသွားကားများ ပိတ်မိနေခဲ့သည်ဟုလည်း သိရသည်။

အင်းတော်မြို့တွင်းလုံခြုံရေးကို စစ်ကောင်စီတပ်က တင်းကျပ်ထားပြီး မြို့တွင်းနှင့် မြို့အဝင်အထွက် လမ်းများတွင်လည်း လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

အင်းတော်အခြေစိုက် PDF တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- အင်းတော် PDF)

အင်းတော်မြို့တွင်းတွင် စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းတစ်ခုရှိပြီး ဒေသကာကွယ်ရေးတပ်များ ရှိနိုင်မည်ဟု ယူဆရသည့် နဘားလမ်းဆုံအနီးရှိ တောင်ကုန်းများကို ယင်းတပ်စခန်းမှ လက်နက်ကြီးဖြင့် ယမန်နေ့မှစတင်ပြီး နှစ်ရက်ဆက်တိုက် ပစ်ခတ်နေကြောင်း အင်းတော်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီး ပစ်တဲ့အသံတွေ ကြားနေရတယ်၊ တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ လှမ်းပစ်နေတာ ဘယ်နှစ်လုံးလဲတော့ မသိလိုက်ဘူး၊ အဲဒီမြို့ထဲတပ်ကုန်းကပဲ ပစ်နေတာ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နဘားလမ်းဆုံသည် ဒေသတွင်းတွင် အချက်အချာကြသည့် နေရာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် KIA / PDF ပူးပေါင်းတပ်များသည် နယ်မြေစိုးမိုးနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း နဘားလမ်းဆုံအနီးရှိ စစ်ကောင်စီ၏ တန်ပိုဂိတ်ကို KIA / PDF တပ်များက ဝင်ရောက်စီးနင်းခဲ့သည်။

အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားတွင် ဇူလိုင်လအတွင်းက တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ တစ်လခန့် ကြာမြင့်နေပြီဖြစ်သည်။ 

လတ်တလောတွင် တိုက်ပွဲများ ပြန်စလာသည့်အတွက် စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားသည့် လမ်းကြောင်းများပေါ်ရှိ ဒေသခံများ ထိတ်လန့်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်များက အင်းတော်အနီးတစ်ဝိုက်မှ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဓားစားခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ဆိုသည်။ 

“အခုကတော့ ဘာမှမဖြစ်ဘူး စစ်ကြောင်းထိုးရင်တော့ (ရှောင်)တိမ်းမှ၊ အခုရက်ပိုင်းကတော့ နဘားဘက်ထိုးနေတော့ အဲဒီဘက်က ကြောက်နေကြတယ်၊ ဒီဘက်ထိုးလည်း ဒီဘက်က ပြေးရမှာပဲ” ဟု အထက်ပါ အင်းတော်ဒေသခံ အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ဖြစ်ပွားလာရာ စစ်ကိုင်းသည် တော်လှန်ရေးတပ်များ အားကောင်းရာ ဒေသဖြစ်သည်။ စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို KIA က လက်နက်နှင့် စစ်ရေး အကူအညီပေးနေသည်။

KIA တပ်ဖွဲ့ဝင်တချို့ကို ၂၀၁၂ မေလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Patrick BODENHAM/AFP/ GettyImages)

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button