
လူမှုကွန်ရက် Facebook ပေါ်တွင် ပါတီကိုယ်စားပြု လွှတ်တော်အမတ်များနှင့် မြို့နယ်ပါတီခေါင်းဆောင်များကို မဟုတ်မမှန် ဝေဖန်ပြောဆိုသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နှစ်ဦးကို မန္တလေးတိုင်း အမရပူရမြို့နယ် ပါတီဥက္ကဋ္ဌက ဆက်သွယ်ရေးဥပဒေဖြင့် တိုင်ကြားထားမှုကို ရဲတပ်ဖွဲ့က မြို့နယ်တရားရုံး၌ ယနေ့ (ဇူလိုင် ၂) တွင် တရားစွဲတင်ခဲ့သည်။
အမှုဖွင့်တိုင်ကြားခံရသူနှစ်ဦးမှာ အမရပူရမြို့နယ် တမုတ်ဆိုး (တမုတ်စို့) ကျေးရွာနေ NLD ပါတီဝင် ဦးကျော်မျိုးတင့်နှင့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိမိကြီးတို့ဖြစ်သည်။
၎င်းတို့နှစ်ဦးကို ဦးတင်ထွဋ်က ၂၀၁၉ စက်တင်ဘာလဆန်းပိုင်းကတည်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားပြီး ၁၀ လခန့်အကြာမှသာ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါ်မိမိကြီးသည် ဦးကျော်မျိုးတင့်နှင့် အမေးအဖြေပြုလုပ်ထားသည့် အင်တာဗျူးဗီဒီယိုတစ်ခုကို Facebook လူမှုကွန်ရက်တွင် တင်ခဲ့ပြီး အဆိုပါအင်တာဗျူးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်နှင့် လွှတ်တော်အမတ်များသည် ရွေးကောက်ပွဲပြီးနောက် တမုတ်ဆိုးရွာသို့ မလာတော့ကြောင်း၊ မြို့နယ်ပါတီအရေးကိစ္စများကိုလည်း လျစ်လျူရှုထားကြောင်း ပြောဆိုထားကြသည်။
ထို့အပြင် ဦးတင်ထွဋ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ NLD သို့ ပြောင်းလာခဲ့သူပုံစံအဖြစ် ပြောဆိုထားချက်တစ်ခု ပါဝင်သည်ကိုလည်း တွေ့ရသည်။
အမှုဖွင့်ရန် ဆုံးဖြတ်ချက်မှာ ပါတီ၏ညွှန်ကြားချက်မဟုတ်ဘဲ ပုဂ္ဂလိကဆိုင်ရာ နစ်နာမှုကြောင့်ဖြစ်ကြောင်း အမှုဖွင့်သည့်နေ့တွင် တရားလို ဦးတင်ထွဋ်က Myanmar Now ကို ပြောခဲ့သည်။
“နှစ်ဦးထဲက ဒေါ်မိမိကြီးက ကျေအေးပေးဖို့ တောင်းပန်ထားလို့ ဒေါ်မိမိကြီးကို ကျေအေးပေးဖို့ စဉ်းစားထားပါတယ်။ တရားရုံးရောက်မှ စဉ်းစားမှာပါ” ဟု ဦးတင်ထွဋ်က ပြောသည်။
ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) သည် စွပ်စွဲခံရသူကို တရားရုံးက အာမခံဖြင့် အချုပ်လွတ်တရားရင်ဆိုင်ခွင့်ပြုနိုင်သော ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။ အဆိုပါအမှုကို အမရပူရမြို့နယ်တရားရုံးက ဇူလိုင် ၁၆ သို့ ထပ်မံချိန်းဆိုထားသည်။
ကျော်မျိုးတင့်ကလည်း ဦးတင်ထွဋ်သည် ၎င်းကို NLD ဗဟိုပါတီဝင်များရှေ့တွင် ရဲသတင်းတပ်ဖွဲ့ဝင် (SB) ဟု စွပ်စွဲခြင်း၊ အမျိုးသမီးတစ်ဦးနှင့် မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းတို့အတွက် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် အမရပူရတရားရုံး၌ ဇန်နဝါရီလတွင် ပြန်လည် တရားစွဲဆိုခဲ့သည်။
“မြို့နယ်ပါတီဥက္ကဋ္ဌဟာ ရွာမဆင်းဘူး။ ကျေးရွာပါတီဝင်တွေနဲ့ ချိတ်ဆက်မှုအားနည်းကြောင်း ဝေဖန်ခဲ့တာပါ။ ဒါကို ဒေါ်မိမိကြီးက ကူညီပေးမယ်ဆိုပြီး သူ့အကောင့်နဲ့ရုပ်သံရိုက်ပြီး တင်ခဲ့တယ်။ ကျွန်တော်က မှန်တာပြောခဲ့တာပါ။ သူကသာ မဟုတ်မမှန် စွပ်စွဲလို့ ပြန်တရားစွဲခဲ့တာ” ဟု ဦးကျော်မျိုးတင့်က ပြောသည်။
သို့ရာတွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးအချိန်တွင် ပါတီပုံရိပ်ကျဆင်းမည်ကို စိုးရိမ်သဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်က အမှုကျေအေးပေးပါက ၎င်းက ပြန်လည်စွဲဆိုထားသော အသရေဖျက်မှုကိုလည်း ကျေအေးပေးရန် စီစဉ်နေသည်ဟု သူက ဆိုသည်။
“သူ့ဘက်က ကျေအေးမပေးရင်တော့ ကျွန်တော် စွဲတဲ့အမှုကိုလည်း ဆက်လုပ်မယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် တရားရုံးက တရားလိုဦးကျော်မျိုးတင့်ကို စစ်ဆေးနေဆဲဖြစ်ပြီး နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင် ၆ တွင် ပြုလုပ်မည်ဖြစ်သည်။