သတင်း

ကသာတွင် ဒေသခံ ၅ ဦး အသတ်ခံရပြီး နေအိမ် ၃၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ပြီးနောက် ဒေသခံ အမျိုးသား ၅ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

ဇူလိုင် ၂၈ တွင် လက်နက်ကိုင် အင်အား ၁၀၀ ခန့် ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ အင်းဒရန့်ရွာအနီးသို့ ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၁၂)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲပြီးဆုံးပြီးနောက် စစ်တပ်က အင်းဒရန့်ရွာတွင်းသို့ ဝင်ရောက်ပြီး ရွာကို မီးရှို့ကာ နောက်တစ်နေ့ (ဇူလိုင် ၂၉) တွင် အင်းဒရန့်ရွာမြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ကျောက်ထုံးကြီးရွာသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု ကသာမြို့နယ်ပအဖ တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ထွက်ခွာပြီးနောက် အင်းဒရန့်ရွာအတွင်း ဝင်ရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်စဉ် အမျိုးသားအလောင်း ၅ လောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါ ပအဖ တာဝန်ခံ အမျိုးသားက ပြောသည်။

“ရွာထဲမှာပဲ သတ်ပြီးတော့ မြှုပ်ခဲ့တာ၊ အလောင်း ၅ လောင်း တွေ့တာမှာ ၃ ယောက်ကိုက တစ်နေရာတည်းမှာ မြေတူးပြီးမြှုပ်ခဲ့တယ်၊ နောက်နှစ်ယောက်ကိုက မြှုပ်တောင်မမြှုပ်ဘဲ သစ်ရွက်၊ ဝါးရွက်တွေနဲ့ ဖုံးထားခဲ့တာ” ဟု အဆိုပါတာဝန်ခံက ပြောသည်။

အလောင်းသုံးလောင်းမှာ ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရာအများအပြား တွေ့ရပြီး ကျန်နှစ်လောင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံထားရခြင်းဖြစ်သည်ဟု ပအဖတာဝန်ခံက ဆိုသည်။

သို့သော် သတ်ဖြတ်ခံရသူတို့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ သာမန်အရပ်သားများသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုသူတို့မှာ အင်းဒရန့်ရွာသားများဖြစ်သည့် ကုလား(၂၅ နှစ်)၊ ကချင်အို(၂၀ နှစ်)၊ ကိုငယ်(၂၃ နှစ်)၊ အောင်မျိုးကျော်(၃၅ နှစ်) နှင့် ရေလည်ကျွန်းရွာသားဖြစ်သည့် ရှပ်ပြေး(၄၅ နှစ်) တို့ ဖြစ်သည်ဟု ကသာ(ပအဖ) အဖွဲ့က အတည်ပြုသည်။

အဆိုပါစစ်ကြောင်းလက်ချက်ဖြင့် အင်းဒရန့်ရွာမှ နေအိမ် ၃၀ ကျော် မီးလောင် ပျက်စီးခဲ့ပြီး အနီးရှိ ရွာသာယာရွာမှ နေအိမ် ၁၀ လုံးကျော်လည်း ပြာကျခဲ့သလို ဒေသခံများလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ကြရသည်။

အဆိုပါ စစ်ကြောင်းမှာ ကသာမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငအိုးမြို့အခြေစိုက် အမှတ် (၁၂၁) ခြေလျင်တပ်ရင်း၊ တပ်မ (၈၈) လက်အောက်တပ်အချို့ပေါင်းထားသည့် စစ်ကြောင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လဆန်းပိုင်းကလည်း အင်းဒရန့်ရွာသို့ ရောက်ရှိလာခဲ့ပြီး ရွာအတွင်းရှိ အိမ်မွေးတိရိစ္ဆာန်များ၊ ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများကို ခိုးယူခဲ့ဖူးသည်ဟု သိရသည်။

“၇ လပိုင်းထဲမှာပဲ တစ်ခေါက်လာပြီးတော့ သူတို့ (စကစ) ကားတွေ ပါလာပြီး ရွာထဲက ရိက္ခာတွေ အကုန်တင်ပြီးတော့ ငအိုးတပ်ထဲ ပြန်ဝင်သွားတာ အခုက ဒုတိယတစ်ခေါက် ပြန်ထွက်တဲ့အခါမှာ အိမ်တွေမီးရှို့ပြီး၊ သတ်ဖြတ်သွားတာ” ဟု ကသာပအဖ တာဝန်ခံက ပြောသည်။

လတ်တလောတွင် အဆိုပါ စစ်ကြောင်းမှာ အင်းဒရန့်ရွာ၏ မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ကျောက်ထုံးကြီးရွာတွင် ဝင်ရောက်တပ်စွဲထားသည်မှာ ၃ ရက်ခန့် ရှိနေပြီဖြစ်သည်။

စစ်ကြောင်းထိုးလာသောကြောင့် ကျောက်ထုံးကြီးရွာမှ ဒေသခံအချို့ ထွက်ပြေးကြသည်၊ ကျန်နေသည့် ဒေသခံများကို ရွာဘုန်းကြီးကျောင်းတွင် စုပေါင်းဖမ်းဆီးထားပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ဘုန်းကြီးကျောင်းထဲ စုထိုင်ခိုင်းထားတာ ၄ ညနဲ့ ၃ ရက် ရှိနေပြီ၊ ဖုန်းတွေ အကုန်သိမ်းထားတာ၊ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဖုန်းကိုပါ သိမ်းထားတာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

ဖမ်းဆီးထားသည့် ရွာသားများကိုလည်း စစ်ဆေးမေးမြန်းနေသည်၊ နှိပ်စက်ခံရဖွယ်ရှိသည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

ရွာတွင်းမှ ဖမ်းဆီးခံထားရသူများနှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်နေသည့်အတွက် အခြေအနေအတိအကျ သိရှိရန် ခက်ခဲကြောင်း အဆိုပါ ရွာသားက ပြောသည်။

ထိုဒေသအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်လာကြရာ စစ်ကိုင်းတိုင်းမှာ အားကောင်းသည့် ဒေသတစ်ခုဖြစ်နေသည်။

စစ်ကိုင်း-ကချင်နယ်စပ်အနီးတွင် ရှိသည့် မြို့နယ်များဖြစ်သည့် ကသာ၊ အင်းတော်၊ ဗန်းမောက် စသည့် မြို့နယ်များမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးကူညီမှုများကို ရရှိနေပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်ခုခံနေကြသည်။

သြဂုတ် ၁ ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းသား ထောင်ပေါင်းများစွာကို လွှတ်ပေးရာ နိုင်ငံရေးအကျဉ်းသားတချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့မှ တပ်ဖွဲ့ဝင်အနည်းငယ်လည်း ပါဝင်သည်။

သို့သော်လည်း လွတ်လာသူများထဲတွင် KIA နှင့် ဆက်စပ်သူများ ပါဝင်ခြင်း မရှိပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button