စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

ရခိုင်တောင်ပိုင်း အမျိုးသားရေးဝါဒီတို့ကို တန်ပြန်တိုက်စစ်ဆင်သော NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းသည် လက်တစ်ဖက်က  ခပ်နွမ်းနွမ်းပင်နီတိုက်ပုံကို မြဲမြဲဆုပ်လျက် ကျန်လက်တစ်ဖက်က စကားပြောမိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ရှေ့နောက်ယိမ်းထိုးကာ  ဆင်ခေါင်းကျေးရွာရှိ ရာဂဏန်းမျှသော ရခိုင်တိုင်းရင်းသားတစ်စုကို မေးခွန်းများ တရစပ်ပစ်ထုတ်လိုက်သည်။

‘‘၂ဝဝ၇ ခုနှစ်တုန်းက ဘုန်းကြီးတွေကို သတ်ဖို့ အမိန့်ပေးတာ ဒေါ်အောင်ဆန်းစုကြည်လား’’၊‘‘လက်ပံတောင်းတောင်မှာ မနက်စောစောဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အရုဏ်ဆွမ်းကပ်တာ ဘယ်သူလဲ၊ ဒေါ်အောင်ဆန်းစုကြည်လား’’ဟု သူက ပါးစပ်မှအမြှုပ်ထွက်မတတ် မေးမြန်းလိုက်သည်။

ပရိသတ်က  ‘‘မဟုတ်ဘူး၊ မဟုတ်ဘူး’’ဟု ဆိုကာ လက်ခုပ်လက်ဝါးတီးပြီး သူ၏ မာန်ပါလှသည့်ဟောပြောမှုကို တုံ့ပြန်လိုက်ကြသည်။

ရခိုင် – ဗုဒ္ဓဘာသာ ဖြစ်သူ ဦးစိုးဝင်း၏ ထိုဟောပြောပွဲကို ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်သည့် သံတွဲမြို့အရှေ့ဘက် တောကြိုအုံကြားရှိ ဆင်ခေါင်းကျေးရွာ၏ ဖုန်ထူသည့် ရွာလမ်းဆုံတစ်ခု၌  ပြုလုပ်နေခြင်းဖြစ်သည်။

သံဃာတော်များနှင့် ဗုဒ္ဓသာသနာကို စော်ကားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ စစ်တပ်၊ လက်ရှိအစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် နေရာယူထားသော ဗိုလ်ချုပ်ကြီးဟောင်းများသာဖြစ်သည်ဟု သူက မဲဆန္ဒရှင်များအား ရှင်းပြနေသည်။

ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကို ၂ဝ၁၅ ရွေးကောက်ပွဲတွင် မည်သို့အသုံးချနေကြောင်း ဦးစိုးဝင်း၏ မဲဆွယ်စည်းရုံးရသည့် အခြေအနေကဖော်ပြနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရပါက ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာလွှမ်းမိုးမည်ဖြစ်ကြောင်း  အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှ ဘုန်းတော်ကြီးများက ပြောကြားနေသည်။

နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင် တစ်သန်းခန့်နေထိုင်သော ရခိုင်ပြည်နယ်တွင် လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ထိုစွပ်စွဲပြောဆိုချက်များ အထူးပျံ့နှံ့လျက်ရှိသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကျောခိုင်းတာ မြင်စေချင်တဲ့သူတွေက၊ ရွေးကောက်ပွဲမှာ ရှုံးစေချင်တဲ့သူတွေက ဒီလို ကောလာဟလတွေကို  ဖြန့်နေတယ်။ ဒါတွေကို မယုံပါနဲ့။ ဒီကောလာဟလတွေကို ယုံမယ်ဆိုရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ’’ဟု ဦးစိုးဝင်းက ပရိသတ်အား ပြောနေသည်။

ဟောပြောပွဲ၏ နောက်နားရှိ အုန်းပင်တစ်ပင်အောက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပိုစတာ တစ်ခုရှိနေပြီး၊ ထိုအရာနှင့် ပေအနည်းငယ်အကွာ၌  ‘‘မျိုးစောင့်ဥပဒေပညာပေးဟောပြောပွဲ’’ဟု ရေးသားထားသော မဘသ၏  ပိုစတာတစ်ခု စိုက်ထူထားသည်ကိုလည်း တွေ့ရသည်။

 မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတည်ငြိမ်မှု အများဆုံးဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၌  NLD  သည် အင်အားကောင်းသည့် ရခိုင်အမျိုးပါတီ (ANP) ကို အကြိတ်အနယ်ယှဉ်ပြိုင်နေရသည်။  ရခိုင်တိုင်းရင်းသားတို့၏ လူမျိုးရေးစိတ်ဓာတ်ဖြင့် ထောက်ခံမဲများရရန် မျှော်လင့်ထားသည့် ANP က  တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ထိုနေရာအများစုကို အနိုင်ရရန်မျှော်လင့်ထားသည်။

တောင်ပိုင်းက စစ်မြေပြင်

ရခိုင်ဘာသာနှင့်ယဉ်ကျေးမှုတို့ ပိုမိုအားကောင်းရာ ပြည်နယ်၏ အလယ်ပိုင်း၊ မြောက်ပိုင်း ဒေသတို့သည် ANP  ပါတီ အခိုင်အမာ  အားကောင်းသည့်နေရာများ ဖြစ်သော်လည်း ဗမာစကား  ပြောသော  မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဆက်စပ်နေသည့် ပြည်နယ် တောင်ပိုင်းတွင်မူ ANP ၏ လူထုထောက်ခံမှုမှာ ပီပီပြင်ပြင် မရှိလှပေ။  ပြည်ခိုင်ဖြိုးပါတီကလည်း ဗုဒ္ဓဘာသာရခိုင်ပြည်သူများ၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် ပါတီတစ်ခုအဖြစ် ဒေသခံလူထုလက်ခံလာစေရန် လုပ်ဆောင်လျက်ရှိသည်။

ဒေသတွင်းဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခများကြောင့် ဒေသခံများ ၂ဝ၁၂ မှစ၍ ထိခိုက်မှုများဖြစ်ခဲ့ကာ လူပေါင်း တစ်သိန်းခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။  ရွှေ့ပြောင်းရသူ အများစုမှာ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုပြီး အစိုးရက ဘင်္ဂါလီဟု ခေါ်ဆိုသူများ ဖြစ်သည်။  သံတွဲတွင်  ၂ဝ၁၃ ခုနှစ် အောက်တို ဘာလအတွင်းကလည်း  မွတ်စလင်ကျေးရွာများကို ဗုဒ္ဓဘာသာရခိုင်တို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားရာ လူသေဆုံးမှုရှိခဲ့သည်။

မွတ်စလင်တို့၏ ယာယီနိုင်ငံသားကတ်(White Card) များကို အစိုးရက ဖေဖော်ဝါရီလအတွင်း ရုပ်သိမ်းပြီးနောက် ဘူးသီးတောင်၊ မောင်တောမြို့တို့မှ မွတ်စလင် တစ်သိန်းခန့် မဲပေးခွင့် ဆုံးရှုံးသွားခဲ့သည်။ ရိုဟင်ဂျာတို့ မဲပေးခွင့်ဆုံးရှုံးသွားသည့်အခါ ANP က ပြည်နယ်အတွင်း နိုင်ငံရေး အသာစီးရရေးအတွက် NLD ကို အနိုင်ရရန်  လိုအပ်လာပြီဖြစ်သည်။

ANP ပါတီက ရခိုင်ပြည်နယ်၏ အမျိုးသားလုံခြုံရေးနှင့် သဘာဝရင်းမြစ်များကို ကာကွယ်စောင့်ရှောက်ပေးမည်ဟု  ကတိပေးထားသည်။

‘‘ရခိုင်တိုင်းရင်းသားတွေကသာ ရခိုင်ပါလီမန်ကို ထိန်းချုပ်နိုင်မှာ မိမိတို့ရဲ့ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်’’ဟု ANP ဥက္ကဋ္ဌဒေါက်တာအေးမောင်က ကျိန္တလီမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့က မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း   ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင်  သူ့ပါတီက  ၉ဝ ရာခိုင်နှုန်းကျော်အပြတ်အ သတ်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီကလည်း အနိုင်ရရန် ကြိုးပမ်းလျက်ရှိသည်။ သမ္မတဦးသိန်းစိန်သည် (အင်္ဂါနေ့) နိုဝင်ဘာ ၃ ရက်က စစ်တွေမြို့မှတစ်ဆင့်  ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ရှိ စေတီတစ်ဆူတွင် ထီးတော်တင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အမျိုးသားရေးဝါဒီတို့၏ တိုက်ခိုက်မှုများ

သံတွဲမြို့နှင့်အနီးဝန်းကျင်ကျေးရွာများတွင် မဲပေးခွင့်ရှိသူ ၉ဝ,ဝဝဝ ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ သိရသည်။

လူမျိုးရေးပြဿနာအပေါ် အခြေခံသည့် ထိုးနှက်မှုများနှင့် ပတ်သက်၍ NLD က  ရခိုင်လူထုကို ပြန်လည် ရှင်းလင်းနေရသည်။

‘‘ANP ကရော၊ ပြည်ခိုင်ဖြိုးရော ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ပါတီကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်’’ဟု ပြည်သူ့လွှတ်တော် အမတ်လောင်းသံတွဲမြို့နယ် NLD ဥက္ကဋ္ဌ  ဦးဝင်းနိုင်က ပြောကြားသည်။

သံတွဲမြို့အနီး ညောင်ခြေထောက်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်စန်းလှိုင်က ANP နှင့် ပြည်ခိုင်ဖြိုးပါတီတို့ လွန်ခဲ့သည့်လအတွင်းက  ရွာဘုန်းကြီးကျောင်းသို့ လာရောက်ခဲ့ပြီး NLD သည် မွတ်စလင်တို့ဖြင့် ဖွဲ့စည်းထားသည့်  ပါတီဖြစ်သောကြောင့် မဲမပေးရန် ပြောကြားခဲ့သည်ဟုဆိုသည်။

‘‘ရခိုင်အမျိုးသားပါတီက ပြည်ခိုင်ဖြိုးထက် ပိုပြီး ကြမ်းတယ်’’ ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အမှန်တကယ်တွင် NLD  ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ ဝေဖန်မှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် မွတ်စလင်တစ်ဦးကိုမှ အမတ်လောင်းအဖြစ် ထည့်သွင်းထားခြင်းမရှိပေ။

ရွေးကောက်ပွဲတွင် အခြားပါတီများအား ထိပါးပုတ်ခတ်သည့် မဲဆွယ်မှုများကို မလုပ်ဆောင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးနှင့်ANP တို့က ငြင်းဆိုထားသည်။

‘‘မဲဆွယ်စည်းရုံးရာမှာ NLD ပါတီကို မတိုက်ခိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပါတီ အနိုင်ရရင်တော့ ခိုးဝင်လာတဲ့သူတွေကို  တားမြစ်သွားမှာပါ’’ဟု  သံတွဲမြို့မှ ANP အမတ်လောင်း ဦးမောင်မောင်ဖြူက ပြောကြားသည်။

သံတွဲမြို့ မဘသအတွင်းရေးမှူး သုခဝတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာက  မဘသအဖွဲ့အဆိုပြုခဲ့သည့် မျိုးစောင့်ဥပဒေများကို မထောက်ခံသည့် NLD ကဲ့သို့သော ပါတီများကို မဲမပေးရန်သူ့ ဒကာ၊ ဒကာမများအား ညွှန်ကြားထားသည်ဟု ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူး။ ဦးပဉ္ဇင်းတို့ရခိုင်ပြည်က ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို  တည်ဆောက်ထားတာ။ ဒါပေမဲ့ သူက လူ့အခွင့်အရေးကို ဦးစားပေးလွန်းရာကျနေတယ်’’ဟု ဘဒ္ဒန္တစန္ဒိမာက  မိန့်ကြားသည်။

ရခိုင်ပြည်မှာ ပြန်လည်ဦးမော့လာသည့် NLD

၂ဝ၁၂ အစောပိုင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင်လူတစ်စုက ခရီးသည်တင် ဘတ်စကားတစ်စီးကို တိုက်ခိုက်ကာ မွတ်စလင် ၁ဝ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ‘‘လူများစုက လူနည်းစုကိုအနိုင်မကျင့်သင့်ဘူး’’ ဟု ပြောခဲ့သည်။

အဆိုပါ စကားကို ပြည်ခိုင်ဖြိုး၊ ANP တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မွတ်စလင် လိုလားသူများအဖြစ်ပုံဖော်ကာ မဲဆွယ်ရာတွင် အသုံးချလျက်ရှိနေသည်။

သို့သော် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့ခရီးစဉ်များကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် NLD ၏  ပုံရိပ်ကို ပြန်လည်မြင့် တက်လာစေကြောင်း အမတ်လောင်း ဦးဝင်းနိုင်က ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့လတုန်းကလာပြီး ပြည်သူတွေနဲ့ တွေ့သွားပြီးနောက်ပိုင်း သူ့ကို ပိုမိုနားလည်လာတဲ့အတွက် ရွေးကောက်ပွဲမှာ  ကျွန်တော်တို့နိုင်ပါလိမ့်မယ်’’ဟု ဦးဝင်းနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွတ်စလင်များကို အခွင့်အရေးပေးခြင်း(သို့မဟုတ်) သူအာဏာရလာပါက မွတ်စလင်များ ရခိုင်ပြည်နယ်ကို  လွှမ်းမိုးသွားမည်ဆိုသည့် စွပ်စွဲချက်များအပေါ် ရှင်းလင်းရန်  ဖိအားပေးမှုများနှင့် ကြုံခဲ့ရသည်။

‘‘မေးတဲ့သူတွေကို ဒေါ်အောင်ဆ န်းစုကြည်ပြန်ပြောတာက အဲဒီလိုအထောက်အထားမျိုးတွေရှိရင် သူ့ကိုတရားစွဲပါတဲ့။  အဲဒီလိုပြောတဲ့သူတွေ ဘာမှ ပြန်မပြောနိုင်တော့ဘဲ လူထုကြီးက လက်ခုပ်ဝိုင်းတီးကြပါတော့တယ်’’ဟု ဦးဝင်းနိုင်က ပြောသည်။

‘‘ကျွန်တော်တို့ ပါတီက ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ခဲ့တယ်။ လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေမဖြစ်ခင်ကလိုပဲ လူထုရဲ့ ထောက်ခံမှုက ပြန်မြင့်တက်လာပါပြီ’’ဟု ၎င်းက ပြောသည်။

ဆင်ခေါင်းရွာမှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အသက် (၃၂)နှစ်အရွယ် ဇော်မင်းဦးက NLD အပေါ် လူမျိုးရေးအရ တိုက်ခိုက်သည့် ဝါဒမှိုင်းများကို သူလည်းနားဝင်ခဲ့ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့တွင် ပြောသွားသည့်စကားများကို ကြားရပြီးနောက်  ယင်းအစွဲများ မရှိတော့ကြောင်းပြောသည်။

‘‘အမေစုက ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်စွာနဲ့ နေစေချင်တယ်။ အမေ့ကို အရမ်းချစ်သွားပြီ။ ကျွန်တော်တို့ ဒီဒေသမှာ ဟိုးအရင်ကတည်းက မွတ်စလင်တွေနဲ့ အကြာကြီးနေခဲ့ကြတာပဲ။ တစ်မြေတည်းနေ ကြသူအချင်းချင်း ဘာလို့ တိုက်ခိုက်ရမှာလဲ’’ဟု သူက ဆိုသည်။  

Show More

Related Articles

Back to top button