မေးမြန်းခန်း

“တိုင်းရင်းသားတွေရဲ့မဲ မရဘဲနဲ့ NLD သမ္မတ မဖြစ်နိုင်ဘူး”

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်၊ မာန်အောင်ကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ပြီးလျှင် ရခိုင်ပြည်နယ်တွင် အင်အားအကြီးမားဆုံးပါတီဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်အတွက် ၂၉ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၃၄ နေရာ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မဲဆွယ်စည်းရုံးရေးအခြေအနေများနှင့် ပတ်သက်၍ Myanmar Now သတင်းထောက် ဆွေဝင်းက အင်္ဂါနေ့တွင် ဆက်သွယ်မေးမြန်းရာ ၎င်းက ရခိုင်အမျိုးသားပါတီသည် NLD ၏ ထိုးနှက်တိုက်ခိုက်မှု ခံနေရသော်လည်း ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံး၏ ၉ဝ ရာခိုင်နှုန်းကျော် နိုင်ရန် သေချာနေပြီး ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရတို့ကို ထိန်းချုပ်၍ ရခိုင်အမျိုးသားတို့၏ ကံကြမ္မာကို ခိုင်ခန့်ရန် တည်ဆောက်ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သည်။

မေး – ဒေါက်တာအေးမောင်ရဲ့ မဲဆန္ဒနယ်မြေမှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ။

ဖြေ – မာန်အောင်ဟာ သိတဲ့အတိုင်းပဲ မြောက်ပိုင်းက ပိုဖွံ့ဖြိုးတယ်၊ ဘာလို့လဲဆိုတော့ ရေလုပ်ငန်းတွေရှိလို့။ တောင်ပိုင်းက ဖွံ့ဖြိုးမှု နည်းတယ်။ မြောက်ပိုင်းကတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကို ပိုယုံကြည်စိတ်ချမှု ရှိတယ်။ ကျွန်တော်ပြိုင်မယ့်နေရာက အမှတ် (၂) နယ်မြေ တောင်ပိုင်းပါ၊ ပညာရေး နိမ့်ကျတယ်၊ ဆက်သွယ်ရေးအားဖြင့် ခုထိ တယ်လီဖုန်း အဆက်အသွယ်မရဘူး၊ လမ်းတွေမကောင်းဘူး၊ အကြောက်တရားလွှမ်းမိုးမှုတွေလည်း ရှိနေတယ်။ အကြောက်တရားလွှမ်းမိုးတယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီ အားကောင်းတယ်ပေါ့။

မေး – ရခိုင်အမျိုးသားပါတီကို မဲထည့်ရင် ဒေသတွင်း မဲကွဲပြီး ပြည်ခိုင်ဖြိုး အာဏာဆက်ရနေမယ်လို့ NLD ဘက်က ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ ပြောနေတာတွေလည်း ကြားရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ – ကျွန်တော်တို့က ပြည်ခိုင်ဖြိုးကို တိုက်နေတာ၊ NLD ကို မိတ်ဖက်လို သဘောထားတယ်။ ဒါပေမယ့် အောက်ခြေမှာရှိတဲ့ ပါတီဝင်တွေက ကျွန်တော်တို့ကို မိတ်ဖက်လို့ မသတ်မှတ်ဘူး။ ကျွန်တော်တို့ကို မဲပေးခြင်းအားဖြင့် ဒီမဲတွေဟာ သဲထဲရေသွန်ဖြစ်သွားမယ်လို့ သူတို့တွေ ပြောနေကြတယ်။ အဲဒီအခါမှာ ပြည်ခိုင်ဖြိုးက ကောက်စားတာပေါ့။ သို့သော်လည်း ကျွန်တော်တို့ ပြန်တည်ဆောက်ပါတယ်။ ပြန်တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ ၆ဝ ရာခိုင်နှုန်းလောက်ကို လူထုထောက်ခံမှု ရလာတယ်၊ ခု ၇၅ ရာခိုင်နှုန်းကို ကျော်သွားပြီ။ ဒါ မာန်အောင်ကျွန်းရဲ့ အခြေအနေကို ပြောတာ၊ ရခိုင်ပြည်နယ်တစ်ခုလုံးမှာတော့ ကျွန်တော်တို့ပါတီကို ထောက်ခံမှုက ၉၅ ရာခိုင်နှုန်းအထက်မှာ ရှိနေတယ်။

မေး – မကြာသေးခင်က ရခိုင်ပြည်နယ်မြို့တချို့ကို ဒေါ်အောင်ဆန်းစုကြည်လာပြီးနောက် အဲဒီဒေသခံပြည်သူတွေက NLD ကို ထောက်ခံလာကြပြီလို့ ကြားရတယ်။ ဒါတွေကော ဘယ်လိုသဘောရလဲ ခင်ဗျ။

ဖြေ – NLD အောက်ခြေကတော့ အထက်ကလူကြီးတွေသိအောင် ကျွန်တော်တို့နိုင်မယ်ဘာမယ်နဲ့ ဒါပေမယ့်လည်း ဒါဟုတ်ချင်မှဟုတ်မှာပေါ့။ အောက်ခြေကတော့ ၁၉၉ဝ မှာလို နိုင်မယ်ထင်လို့ ပြောချင်ပြောမှာပေါ့၊ ဒါပေမယ့် ရခိုင်အမျိုးသားပါတီက ပြည်သူလူထုအောက်ခြေကို ထဲထဲဝင်ဝင် ထိုးပေါက်ထားတဲ့ အခြေအနေနဲ့ ၂ဝ၁၂ ရခိုင်ဘင်္ဂါလီအရေးအခင်း နောက်ဆက်တွဲမှာ သူတို့ လုံခြုံမှုစိုးရိမ်ချက် နဲ့ ရခိုင်တွေက သူတို့ရဲ့ညီညွတ်မှုအားနဲ့ ပြန်တည်ဆောက်ခဲ့ကြတာဗျ။

မေး – NLD အားကောင်းပုံရတဲ့ ရခိုင်တောင်ပိုင်းမှာလည်း ရခိုင်အမျိုးသားပါတီ အားကောင်းတယ်လို့ ဆိုတာလား။

ဖြေ – ဒါပေါ့၊ ဟုတ်တယ်။ ၂ဝ၁၂ အရေးအခင်းဖြစ်ပြီးနောက်ပိုင်းဗျ၊ အဲဒါမတိုင်ခင်ကတော့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကုတ်(မြို့ မွတ်စလင် ဆယ်ဦး သတ်ဖြတ်ခံရမှု) နဲ့ပတ်သက်ပြီး လူများစုက လူနည်းစုကို အနိုင်မကျင့်သင့်ဘူးလို့ ပြောဆိုတာရဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမာခံတွေ နယ်မြေဖြစ်တဲ့ တောင်ပိုင်းတစ်ခုလုံး ပြိုကျသွားတယ်။ Reality (ပကတိအခြေအနေ) ကို ရခိုင်တွေ သဘောပေါက်သွားတယ်။ သူတို့ရဲ့မျိုးရိုးစဉ်ဆက်ဖြစ်ခဲ့တာတွေကို ၊ လူမျိုးတစ်ခုလုံးရဲ့အနာဂတ်ကို ပြန်လည်သုံးသပ်ပြီး သူတို့ရဲ့အခြေအနေကို သူတို့ ပြန်လည်တည်ဆောက်မှ ရတော့မယ်ဆိုတာ သူတို့ သဘောပေါက်သွားကြတယ်။ တောင်ပိုင်းမြောက်ပိုင်းဆိုပြီး အင်္ဂလိပ်လက်ထက်ကတည်းက သွေးခွဲအုပ်ချုပ်ခံခဲ့ရတဲ့ အခြေအနေမှာ အမျိုးသားရေးရေချိန်ကို ပြန်ညှိပြီး စည်းလုံးညီညွတ်မှု ရှာနိုင်ခဲ့ကြတယ်။

မေး – NLD နဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးပမ်းခဲ့တာရှိလား။

ဖြေ – ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့လည်း အကြံပြုပါတယ်။ မဟာမိတ်ကောင်းကောင်း တည်ဆောက်ပါ၊ တိုင်းရင်းသားဒေသတွေကိုလာခြင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တိုင်းရင်းသားဒေသတွေနဲ့ ချစ်ကြည်မှုအရပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူထုခေါင်းဆောင်ပါ။ ကျွန်တော်တို့လည်း ချစ်ပါတယ်။ လေးလည်း လေးစားပါတယ်။ တိုင်းရင်းသားဒေသတွေကို သွားခြင်းသည် မဲဆွယ်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေး သဘောပေါ့ဗျာ။ ကိုယ့်လိုအပ်ချက်အတွက် မဟုတ်ဘဲ အကူအညီပေးမယ်၊ အားပေးမယ်၊ ဖက်လဲတကင်း နွေးထွေးစွာ ပွေ့ဖက်မယ်။ ပြည်ထောင်စုဆိုတာ ဒါမျိုး ဆိုပြီး ရင်ခြင်း နှလုံးသားခြင်း လဲလှယ်မယ်၊ ဒါမျိုးဆိုရင် အင်မတန်ကို လှမယ့်ပွဲကြီးပဲ။ ဒါပေမယ့်သူ့လူတွေက ပါတီစွဲလေးတွေပါလာတော့ ဒီဘက်ကလည်း ပြန်တုံ့ပြန်ရတာပေါ့။ ခံစစ်ကြောင်း လုံခြုံအောင် ပြန်လုပ်ရတာပေါ့။ ကျွန်တော်ပြောနေတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောနေတာမဟုတ်ဘူး၊ သူ့အောက်ခြေကလူတွေကို ပြောနေတာပါ။

မေး – NLD နဲ့မဟာမိတ် မဖြစ်ရတာ အဓိက ဘာအကြောင်းတွေ ခံနေလို့လဲ။

ဖြေ – ကျွန်တော်တို့ ပြဿနာတက်နေတာမဟုတ်ဘူး။ ဦးတည်ချက် လမ်းကြောင်း မတူတာ။ ကျွန်တော်တို့က ပြည်နယ်အစိုးရကို ထိန်းချုပ်ဖို့ ကြိုးစားတာ။ ပြည်နယ်အစိုးရကို ထိန်းချုပ်ဖို့ ရခိုင်ပြည်ဘက်ကတက်မဲ့ ပြည်ထောင်စုလွှတ်တော်နေရာမှာ အပြည့်လွှမ်းမိုးနိုင်ဖို့ လိုတာပေါ့။ ပြည်ထောင်စုလွှတ်တော်မှာ ရခိုင်အမတ်ရှိမှပဲ ဟိုမှာ Bargaining Power (ဆွေးနွေးရာမှာ ကိုယ့်ဘက်က အားသာချက်) ရှိမှာပေါ့။ ရခိုင်ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ပြီး ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့မယ်ဆိုတဲ့ ကျွန်တော်တို့ပါတီသည် ပြည်ထောင်စုလွှတ်တော်မှာ အမတ်တစ်ယောက်မှ မရှိဘဲ NLD ကလူတွေအားလုံး နေရာယူသွားမယ်ဆိုရင် …ခင်ဗျား ပြန်ကြည့်လေ။ သူတို့ဘက်ကလာတာက ပြည်နယ်လွှတ်တော်ကို ရခိုင်အမျိုးသားပါတီကယူ။ ပြည်ထောင်စုလွှတ်တော်ကို သူတို့ဘက်က (ယူ)။ NLD က မဟာဗျူဟာ မှားတယ်ဗျ။ သူ့မူအရ။ ငါတို့က အစိုးရကို အရင်ပြောင်းမယ်။ ပြီးမှ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားမယ်။ ဒီကြားထဲမှာဖြစ်နေတဲ့ အပြောင်းအလဲတွေက တိုင်းရင်းသားတွေမှာ (လွတ်လပ်ရေးရတာ) ၆၈ နှစ်ရှိပြီ၊ စစ်မှန်တဲ့ ပြည်ထောင်စုကို မရဘူး။ ဒီအပြောင်းအလဲမှာ အာမခံချက်နဲ့ တစ်ခါတည်း ဖြစ်စေမယ်။ ပြည်ထောင်စုအစိုးရတောင်မှ ပွင့်ပွင့်လင်းလင်းပြောရင်ဗျာ ညွန့်ပေါင်း ဖြစ်ရမှာပေါ့။ NLD တစ်ဦးတည်း မင်းမူတာ မဖြစ်ရဘူး၊ ပြည်ခိုင်ဖြိုး မင်းမူနေသလိုပေါ့ဗျာ၊ သဘောပြောတာ။ NLD က တိုင်းရင်းသားတွေဘက်က တင်ပေးတဲ့ ၂ဝ ရာခိုင်နှုန်းရလို့ အစိုးရဖွဲ့နိုင်ရင် သူ့ဘက်က ရာခိုင်နှုန်း မြင့်သွားပြီ။ တိုင်းရင်းသားတွေရဲ့မဲ မရဘဲနဲ့ NLD သမ္မတ မဖြစ်နိုင်ဘူး၊ လက်ရှိအခင်းအကျင်းမှာ။

မေး – ဒေါက်တာအေးမောင်တို့က ပြည်ခိုင်ဖြိုးနဲ့ ကြိတ်ပြီးတော့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်ထားတယ်၊ ပြီးတော့ NLD ဟာ မွတ်စလင်လိုလားတဲ့ပါတီဆိုပြီးတော့ မဲဆွယ်ပွဲတွေမှာ ပြောတယ်လို့ စွပ်စွဲနေကြတယ်။

ဖြေ – မဟုတ်ပါဘူး။ ပထမတစ်ခုလည်း မဟုတ်၊ ဒုတိယတစ်ခုလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က ခုခံနေကြတဲ့သူပါ။ ရခိုင်တွေ အတိတ်သမိုင်းမှာ ဘယ်လောက်လူဦးရေ ရှိခဲ့သလဲ။ အင်္ဂလိပ်အုပ်ချုပ်တယ်ဗျာ၊ ရခိုင်တွေ ပျံ့သွားတယ်၊ ဘင်္ဂလားဒေ့ရှ်(ဘက်ကို)လည်း ရောက်ကြတယ်၊ အိန္ဒိယလည်း ရောက်ကြတယ်။ ရခိုင်တွေ အလုပ်အကိုင်မရှိ၊ စီးပွားရေးမရှိနဲ့ ချွတ်ခြုံကျပြီးမှ ရခိုင်တွေ ကမ္ဘာကြီးတစ်ခုလုံးကို ပျံ့သွားတာ။ ၂ သန်းလောက်ရှိတဲ့ ရခိုင်တွေ၊ ရခိုင်ပြည်နယ်မှာ ၁ သန်းတောင် မရှိတော့ဘူး။ အဲဒီတော့ လူဦးရေအခြေအနေကို ကြောက်ရတယ်။ တစ်ဖက်ကလာတဲ့ တရားမဝင်ဝင်ရောက်လာသူတွေရဲ့ အင်အားက ၁ သန်းလောက်ဖြစ်လာပြီ။ အင်မတန်ကြောက်စရာကောင်းတဲ့ ခြားနားမှုပေါ့ဗျာ။ (လွတ်လပ်ရေးရတာ) ၆၈ နှစ်ရှိပြီ၊ ရခိုင်ပြည်နယ်ကို ရခိုင်တို့ကိုယ်တိုင် စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့် မရှိဘူး။ အခုအပြောင်းအလဲကာလမှာ ကျွန်တော် အဲဒါကြောင့် ရခိုင်ပြည်နယ် ပါလီမန်နဲ့ ရခိုင်ပြည်နယ်အစိုးရကို ထိန်းချုပ်ဖို့လာတာဗျ။ ရခိုင်ပြည်နယ်အစိုးရကို ကျွန်တော်တို့ကိုယ်တိုင် ဖွဲ့မှ ဖြစ်မယ်။ အဲဒီမှာ NLDကပြောသလို ရခိုင်ပါတီကို မဲပေးရင် သဲထဲရေသွန်ဖြစ်မယ်၊ အင်မတန် အပြောင်းအလဲကာလဗျ။ ရခိုင်ပြည်နယ် ပါလီမန်၊ ရခိုင်ပြည်နယ်အစိုးရကို NLD ဘက်က တချို့ ဂွ(မြို့)ဘက်က ပုဂ္ဂိုလ်တွေနဲ့ ချုပ်ကိုင်ချင်တဲ့သဘောမျိုး ဖြစ်လာတယ်။ တိုက်စစ်က တော်တော်ပြင်းတယ်ဗျ။ အဲဒီတော့ ကျွန်တော်တို့ဘက်က ပြန်ပြီး ခံစစ်လုံအောင် ထားရတာပေါ့။ ဟုတ်ပြီ… ပြည်ထောင်စုအစိုးရက လူ့အခွင့်အရေးကို သေသေချာချာ သဘောပေါက်တဲ့ ဒီမိုကရေစီအစိုးရ ဖြစ်ပြီ၊ နိုင်ငံတကာ ဖိအားတွေလာပြီ၊ ပြည်ထောင်စုအစိုးရဆိုတာ NLD အစိုးရ၊ သူ့ရဲ့ ဝန်ကြီးချုပ်တို့ဘာတို့က NLD ဘက်က ဖြစ်ခဲ့လို့ရှိရင် ဘာမှ ခုခံပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ သူ့ရဲ့ ပါတီမူဝါဒအတိုင်းပဲ လူ့အခွင့်အရေးပေတံနဲ့ တိုင်းကြတော့မှာကိုး။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်တွေဘက်မှာ ရွေးစရာမရှိဘူး။ အမြင်တူတဲ့ အစိုးရတစ်ရပ်ရှိဖို့ လိုတယ်၊ မဟုတ်ရင် ကျွန်တော်တို့ ပျောက်သွားမယ်။ ဒါလေးကို သဘောပေါက်ပေးဖို့ လိုတယ်။

မေး – ရခိုင်ပါတီက နိုင်တယ်ထားဦး၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်တဲ့ ပေါ်လစီဖြစ်နေတာ ဘယ်လိုအစိုးရဖွဲ့နိုင်မလဲ၊ ပြည်နယ်မှာ။

ဖြေ – အဲဒါ ခင်ဗျားတို့ နားမလည်လို့ပြောတာ။ ကျွန်တော်ပြောတာက တိုင်းရင်းသား power က ၃၁ ရာခိုင်နှုန်းလေ။ ပြည်ထောင်စုလွှတ်တော်မှာရှိမယ့် ၃၁ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရကို ဘယ်သူတွေဖွဲ့ဖို့ဆိုတဲ့ မဲလေ။ NLD ဘယ်လောက်ပဲ အော် အော်ဗျာ။ တိုင်းရင်းသားမဲ၊ ကျွန်တော်တို့မဲမပါဘဲနဲ့ သမ္မတမဖြစ်ဘူး။ ကျွန်တော်တို့ကို လာပြီးတော့ ကျွန်တော်တို့ကို မဲပေးပါလို့ပြောတဲ့ ပါတီကြီးတွေကို ကျွန်တော်တို့က မဲပေးရမှာကိုး။ ကျွန်တော်တို့မဲကို အလကားပေးပါ့မလား။ အဲဒါကို ကျွန်တော်တို့ ပြန်သုံးမှာကိုး။ ပြည်နယ်အစိုးရမှာ တိုင်းရင်းသားတွေကို ဘယ်နေရာပေးပါ၊ အဲဒီလိုမှမဟုတ်ရင် သမ္မတကို ကျွန်တော်တို့ မခန့်ဘူး။ အပေးအယူပေါ့၊ ခင်ဗျားတို့လိုချင်တဲ့ သမ္မတကြီးတစ်ယောက် ပေးမယ်၊ ကျွန်တော်တို့လိုချင်တဲ့ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နေရာတွေ ပါတီကိုပေး။ ဒါ စာချုပ်ချုပ်ရမှာပေါ့။ တိုင်းရင်းသားကိုယ်စားလှယ်တွေ အကုန်လုံး ရွေးကောက်ပွဲအလွန်မှာ ဒီကိစ္ စညှိနှိုင်းရမှာပေါ့။ အဲဒါကြောင့် ပြည်ထောင်စုလက်တံမှာ ကျွန်တော်တို့အားတစ်ခု ရှိနေဖို့လိုတယ်။ ပြည်နယ်လက်တံမှာ အားတစ်ခုရှိဖို့ လိုတယ်။ အဲဒီအားနှစ်ခုနဲ့ ကျွန်တော်တို့ ညှိဖို့အတွက် လုပ်တဲ့အခါမှာ ပြည်ထောင်စုလက်တံကြီးကို NLD က ရိုက်ချိုးတာပေါ့။ အဲဒါကို ကျွန်တော်တို့ ဘယ်ခံနိုင်မလဲ။

မေး – ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ဘယ်လို မျှော်လင့်ထားလဲ။ ရခိုင်တွေပဲ အများဆုံးရမယ်လို့ မျှော်လင့်ထားလား။

ဖြေ – ဟုတ်တယ်။ ရလဒ်ကို အားလုံးကောင်းမယ်လို့။ ပြန်ကြည့်။ ဂွရယ်၊ သံတွဲရယ်။ တောင်ကုတ်၊ မာန်အောင်။ အားလုံးကောင်းတယ်။ အခု ပြည်ခိုင်ဖြိုးက အခုကြိုတင်မဲတွေ ပေါက်တက်ကရလုပ်နေတာ ကျွန်တော်သိနေပြီ။ နေရာတိုင်းမှာ။ သူတို့က အာဏာ အလွှဲအပြောင်းအတွက် တော်တော်လေးကို စဉ်းစားဆင်ခြင်နေမှာ၊ နည်းအမျိုးမျိုးကို။ အဲဒီအခါမှာ ကျွန်တော်တို့အတိုက်အခံတွေ ပြန်ကွဲတယ်။ NLD ကျွန်တော်တို့ကို ထိုးစစ်မဆင်ရဘူး။ ကျွန်တော်တို့နဲ့ မိတ်ဖက်ကို နောက်ကွယ်မှာ လုပ်ရမှာ။ (ဒေါ်အောင်ဆန်းစုကြည်က) အဲဒီလိုလုပ်ပြီးမှ ဒီထိုးစစ်ကို ရှင်တို့တာဝန်ယူ၊ ဟိုဘက် ရှမ်းဘက်ကို ဦးခွန်ထွန်းဦးတာဝန်ယူ၊ ပြည်မမှာနိုင်ဖို့ ကျွန်မ တာဝန်ယူမယ်။ မဟာဗျူဟာအရ ထိပ်တိုက်ကို ကြပ်ကြပ်မတ်မတ် လုပ်ရမှာ။ ပြည်နယ်ထိုးစစ်ကို ပြည်နယ်ဘက်ကပေါ့။ အာဏာခွဲဝေမှုတွေ၊ တာဝန်တွေကို ခွဲဝေရမှာ။ အခုတော့ လောဘတကြီးနဲ့။ ဒါမျိုးက မလုပ်အပ်ဘူးဗျ။ ပါလီမန်မှာ မဟာမိတ်ချိတ်ဆက်မှု ပြိုကွဲနိုင်တယ်ဗျ။ အဓိက ကိုယ့်အမျိုးသားအကျိုးစီးပွားနဲ့ ဖီလာဆန့်ကျင်ရင် မည်သည့်ပါတီကိုမဆို မထောက်ခံဘူး၊ ဝေဖန်မှာပဲ၊ ပြောမှာပဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ပြောမှာပဲ။ ထာဝရတည်တံ့တဲ့ ပြည်ထောင်စုထဲက ပြည်နယ်တစ်ခု ဖြစ်ချင်တယ်၊ ကျွန်တော်တို့လက်ထက်မှာ ပျောက်သွားတာမျိုး မဖြစ်ရဘူး။ အနာဂတ်အတွက် လျှောက်လှမ်းချက်တစ်ခုကို ပြည်ထောင်စုသားအားလုံးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ချနိုင်ရမယ်။ ။

Show More

Related Articles

Back to top button