
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဧရာဝတီမြစ်အထက်ပိုင်းသို့ စစ်သင်္ဘောများဖြင့် ဆန်တက်နေသည့် စစ်ကောင်စီရေယာဉ်များ၏ ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် တစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးနှင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရသွားသည်။
ဧရာဝတီမြစ် အထက်ပိုင်းသို့ ဆန်တက်နေသည့် စစ်ကောင်စီတပ်၏ ရေယာဉ်အုပ်စုသွားမည့် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးနေသည့် ခြေလျင်တပ်၏ ယနေ့ (ဇူလိုင် ၂၆ ရက်) ပစ်ခတ်မှုကြောင့် ညောင်အုပ်ရွာနေ ဦးသိန်းလင်း သေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာရသွားသည်။
“ခြေလျင်စစ်ကြောင်းက သင်္ဘောတွေ သွားဖို့ လုံခြုံရေး လာပုံရတယ်၊ ညောင်အုပ်မှာက ဒီသားအဖကို ပစ်သွားတာမှာ ဖအေက သေသွားတယ်၊ အခုအထိ အလောင်းမကောက်နိုင်သေးဘူး။ သမီးဖြစ်သူကိုတော့ ကျွန်တော်တို့ ဆေးအဖွဲ့က ဆေးကုသပေးနေပါတယ်၊ အသက်အန္တရာယ်ကနေတော့ ကျော်ခဲ့ပြီ” ဟု မတ္တရာအနောက်ခြမ်းအခြေစိုက် ကောင်းကင်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
သားအဖ နှစ်ဦးသည် ရွာပြင်ရှိ ငါးကန်တွင် အလုပ်လုပ်နေစဉ် စစ်ကောင်စီတပ်သားတို့က ဇူလိုင် ၂၄ ရက်တွင် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ကောင်းကင်တော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။
ယနေ့ (ဇူလိုင် ၂၆ ရက်) တွင်လည်း ဧရာဝတီမြစ်အထက်ပိုင်းသို့ ဆန်တက်နေသည့် စစ်ကောင်စီ ရေယာဉ်အုပ်စု၏ ပစ်ခတ်မှုကြောင့် စိန်ပန်းကုန်းရွာမှ အသက် ၆ နှစ်အရွယ် ယောက်ျားလေးမှာ လက်နှင့် ပေါင်တို့တွင် သေနတ်ထိမှန်ဒဏ်ရာနှင့် အသက် ၄၀ အရွယ် အမျိုးသမီးမှာ ခြေထောက်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
“ကလေးက တံတောင်ဆစ်ကို ဖောက်ပြီး၊ ပေါင်အထိမှန်ထားတဲ့ ဒဏ်ရာရထားတယ်၊ တော်လှန်ရေးအဖွဲ့တွေက ဆွဲထုတ်ပြီးတော့ ကယ်ထားရပြီ၊ အမျိုးသမီးကလည်း ခြေထောက်ထိထားတာ၊ သူ့ကို ကယ်ထုတ်နေကြတုန်းပဲ” ဟု ကောင်းကင်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၇ နာရီခန့်တွင် မန္တလေး ဧရာဝတီမြစ်ဆိပ်မှ စတင်ပြီး မြစ်အတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီတပ်များလိုက်ပါလာသည့် သင်္ဘော ၉ စီးသည် မတ္တရာမြို့နယ်အတွင်းသို့ ရောက်ရှိနေခဲ့သည်။ မွန်းလွဲပိုင်းတွင် သင်္ဘောများပေါ်မှ မြစ်အရှေ့ဘက်ကမ်း ကျေးရွာများအတွင်းသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာမှ ဒေသခံများ ဒဏ်ရာရသွားခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောများတွင် ရိက္ခာတင်သင်္ဘော ၃ စီး၊ လူနှင့် လက်နက် ၃ စီး၊ လုံခြုံရေးစစ်သင်္ဘော ၃ စီးဖြင့် မန္တလေးမြို့ မြစ်ဆိပ်ကမ်းတွင် လူ၊ လက်နက်နှင့် ရိက္ခာများ တင်ဆောင်ကာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည် ဆန်တက်နေသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာသည့် ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကရင်နီပြည်နယ်တို့ကို ထိုးစစ်အရှိန်မြှင့်ရန် စစ်ခေါင်းဆောင်က အမိန့်ပေးထားသည်။
မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက နေအိမ်များကိုလည်း မီးရှို့လေ့ရှိရာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇွန်လ ၁၄ ရက်အထိ အိုးအိမ်ပေါင်း ၇၀၃၂၄ လုံး မီးရှို့ခံခဲ့ရသည်ဟု အချက်အလက်များ ကောက်ယူနေသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ ထိုအထဲတွင် မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း အိမ်ခြေ ၆၆၀ မီးရှို့ခံခဲ့ရသည်ဟု ထိုအဖွဲ့က ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)