အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သိမ်ဇရပ်တွင် စစ်သားနှင့် ဆိုင်ကယ်ချင်း တိုက်မိသူ အဖမ်းခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂၄ နာရီအတွင်း သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် ဆက်သွယ်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ 

ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးဖြစ်သော အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေး နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁၈ နံနက် ၁၁ နာရီခွဲအချိန် ကားဂိတ်လမ်းဆုံအနီး အကွက် (၇) ၊ သစ်တောဂိတ်၌ ဈေးဝယ် ပြန်လာသည့် မောင်ချစ်လေး၏ ဆိုင်ကယ်နှင့် သိမ်ဇရပ်အခြေစိုက် အမြောက်တပ် (အမတ) ၃၁၀ မှ အရပ်ဝတ်ဖြင့် စစ်သားတစ်ဦး မောင်းလာသော ဆိုင်ကယ်တို့ မတော်တဆ တိုက်မိကြသည်။

စစ်တောင်းတံတားဟောင်းထိပ်တွင် အစောင့်တာဝန်ကျသော အဆိုပါစစ်သားမှာ ယာဉ်တိုက်မှုကြောင့် ပွန်းပဲ့သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖုန်းဆက်ခေါ်ယူခဲ့ကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“ဒဏ်ရာက မများပါဘူး၊ ကောင်လေး (မောင်ချစ်လေး)က တာဝန်ယူမယ်ပြောတာကို ဘာမှ ပြန်မပြောဘဲ ဖုန်းဆက်နေတာ” ဟု ယင်းအမျိုးသားက ဆက်ပြောသည်။

၁၅ မိနစ်ခန့် အကြာတွင် သိမ်ဇရပ် ကားဂိတ်လမ်းဆုံသို့ စစ်သားတချို့ ကားဖြင့် ရောက်ရှိလာပြီး မောင်ချစ်လေးကို အမတ (၃၁၀) တပ်တွင်းသို့ ဖမ်းသွားသည်၊ ဆိုင်ကယ်နှင့် ကုန်ပစ္စည်းများကိုလည်း ယူဆောင်သွားသည်ကို ဒေသခံအများအပြားက တွေ့လိုက်ရသည်ဟု ၎င်းက ဆိုသည်။

“နောက်ရက် ၁၉ ရက်မှာတော့ ကောင်လေးရဲ့အလောင်းကို အမတ (၃၁၀) မှာ အလောင်းလာယူဖို့ အကြောင်းကြားလာတာပဲ” ဟု ၎င်းက ပြောသည်။

သထုံအခြေစိုက် ကာကွယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးကလည်း ဆိုင်ကယ်ကယ်ရီမောင်းသည့် လူငယ် ဖမ်းဆီးခံရကြောင်း၊ လျော်ကြေးပေးသော်လည်း ဖမ်းဆီးသွားသည်ဟု သိရကြောင်း ပြောသည်။

“သူက သိမ်ဇရပ်မှာ စျေးသွားဝယ်တာ အမတ (၃၁၀) က စစ်သားတစ်ယောက်နဲ့ ဆိုင်ကယ် တိုက်မိတယ်။ စစ်သားက ဝင်တိုက်တာပါ။ အဲဒါကို ၂ သိန်း လျော်ပေးလိုက်တယ်။ လျော်ပြီး စျေးထဲမှာ စျေးဝယ်နေတဲ့အချိန် ပြန်ခေါ်သွားတယ်။ အဲဒီနောက် သေသွားတာလို့ သိရတယ်” ဟု သူက ဆိုသည်။​

မောင်ချစ်လေး သေဆုံးမှုနှင့် ပတ်သက်သည့် ဆရာဝန်မှတ်ချက် (ဓာတ်ပုံ-ပေးပို့)

သေဆုံးကြောင်း အထောက်အထားမှတ်တမ်းတစ်ခုတွင် တိုက်နယ်ဆရာဝန် ဒေါက်တာမြတ်ဆုဝေ လက်မှတ်ထိုးထားပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၁) ကျေးရွာ၊ ရွာသစ်ပိုင်းတွင် နေထိုင်သော ဦးမောင်လေး၏ သားဖြစ်သူ မောင်ချစ်လေး (အသက် ၂၅ နှစ်) ဇူလိုင် ၁၈ ရက်နေ့က သိမ်ဇရပ်တိုက်နယ်ဆေးရုံ၌ သေဆုံးသွားကြောင်း ဖော်ပြထားသည်။ ဆေးရုံသို့ ရောက်လာချိန်၊ သေဆုံးရသည့် အကြောင်းရင်းတို့ကိုမူ ဖော်ပြမထားပေ။

သေဆုံးကြောင်းကိုမူ နောက်တစ်နေ့တွင်မှ မိသားစုက သိရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကွယ်လွန်သူ၏ ဇနီးနှင့် မိခင်ထံ ဆက်သွယ်နိုင်ရန် Myanmar Now က ကြိုးစားနေဆဲဖြစ်ကာ သီးခြားအတည်ပြုချက် မရရှိသေးပေ။

မောင်ချစ်လေး ရုပ်အလောင်း၏ နှုတ်ခမ်း၊ လည်ပင်း ကုပ်ပိုးတို့တွင် အညိုအမည်းဒဏ်ရာများ ရှိနေသည်၊ ဦးခေါင်း ပျော့စိစိဖြစ်နေသည်၊ ဇူလိုင် ၁၉ ရက်နေ့က သိမ်ဇရပ်မြို့ အကွက် (၅) သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်များနှင့် ဆက်သွယ်ခဲ့သည့် အမျိုးသားက ပြောသည်။

“သူ့အမေက သီလရှင်ဝတ်ထားတယ်။ ကျွန်တော်တို့ မေးတော့လည်း မဖြေဘူး။ ဆိုင်ကယ်နဲ့ အထုပ်တွေ (စစ်တပ်က) ပြန်ပေးလိုက်လားဆိုတော့လည်း မပေးလိုက်ဘူးတဲ့၊ အဲဒါပဲ ကျွန်တော်တို့ကို ပြောတယ်။ သူလည်း စိတ်ခံစားချက်တွေလည်း ရှိနေမှာပေါ့” ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၂၅ ရက်ကလည်း သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) မှ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာတွင် နေထိုင်သူ ကိုကျော်ဇင်လတ် ဆိုသူလည်း စစ်တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးနှင့် စကား အချေအတင်ဖြစ်ခဲ့ရာ စစ်သားများက ဖမ်းဆီးခေါ်ဆောင်ပြီးနောက်တွင် သေဆုံးခဲ့ရကြောင်း ဒေသခံတချို့ထံမှ စုံစမ်းသိရှိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button