စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပိတ်ဆို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာနိုင်ရန် ရဟတ်ယာဉ်ပစ်ကူ အသုံးပြုခဲ့ရကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မန္တလေးနှင့် စစ်ကိုင်းအခြေစိုက် PDF တပ်များကို ဇူလိုင် ၁၇ နံနက် ၅ နာရီခန့်တွင် ရင်ဆိုင်နေရသည့် ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းအနီးရှိ စစ်ကောင်စီတပ်ကို စစ်ကူရန် သွားသည့် အဆိုပါ အင်အား ၅၀ ခန့်ပါ စစ်ကြောင်း အထိနာပြီး ဆုတ်ခွာရခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုစစ်ကြောင်း ရွှေဘိုမြို့မှ ထွက်လာသည့် ယင်းညနေမှာပင် ဝက်လက်နှင့် ရွှေဘိုမြို့နယ်ကြားတွင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့က ကြားဖြတ်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ဟန်လင်းမြို့ဟောင်း မြောက်ဘက် ၅ မိုင်ခန့်အကွာ ရွှေဘိုမြို့နယ် ညောင်ကန်ရွာနှင့် တကန်သာရွာအကြား ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဝက်လက်အခြေစိုက် Black Wolf Army အမည်ရှိ ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
မြေပြင်မှ ပိတ်ဆို့တိုက်ခိုက်သလို ဝေဟင်မှလည်း ဗုံးတပ်ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြုခုခံရသည်၊ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသည်ဟု ၎င်းက ပြောသည်။
“ထိတွေ့မှုဖြစ်နေတဲ့အချိန်မှာ ဒရုန်းနဲ့ ကြဲတာ။ လေကြောင်းအကူသဘောမျိုးပေါ့။ မြေပြင်နဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တာ။ သူတို့ ထိခိုက်မှုအခြေအနေက တွဲခေါ်သွားရတဲ့အခြေအနေတွေရှိတယ်။ တချို့ဆို ထမ်းပါ ထမ်းခေါ်သွားရတာ။ တခြားနေရာက အတည်ပြုချက်ရတာကတော့ ပြန်တမ်းဝင်အရာရှိတစ်ဦးပါ သေတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်မှုအခြေအနေကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဒေသခံအဖွဲ့ ၅ ဖွဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ပိတ်မိနေစဉ် ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ်နီးပါး လာရောက် ပစ်ခတ်ခဲ့သည်ဟု ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရွှေဘိုမြို့အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့က ကျွန်တော်တို့ သတ်ကွင်းထဲကို ဝင်လာတဲ့အချိန်မှာ သူတို့ ထွက်ပေါက်မရှိတာနဲ့ လေယာဉ် လာပစ်သွားတာ။ ကျွန်တော်တို့က သူတို့ကို ပိတ်ထားသလိုဖြစ်သွားတာ။ သူတို့က ကျွန်တော်တို့ စောင့်နေတဲ့ ရွာကြားထဲကို ရောက်လာတာ” ဟု အဆိုပါအဖွဲ့ဝင်က ဆိုသည်။
ရဟတ်ယာဉ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ညောင်ကန်ရွာနှင့် တကန်သာရွာများကို ဦးတည်ပစ်ခတ်သွားကြောင်း၊ လူအထိအခိုက် မရှိသော်လည်း နေအိမ် ၁၀ လုံးခန့် ပျက်စီးသွားကြောင်း ၎င်းက ဆက်ပြောသည်။
ဝိုင်းဝန်းပိတ်ဆို့ထားသည့် ကာကွယ်ရေးအဖွဲ့ဝင်များ လေကြောင်းပစ်ကူကြောင့် ပြန်ဆုတ်သွားချိန် ရွှေဘိုမြို့ပေါ်မှ အခြားစစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ ရောက်လာကာ ဒဏ်ရာရသူများကို ပြန်သယ်သွားကြောင်း၊ ထို့နောက် ညောင်ကန်ရွာတွင် ညအိပ် တပ်စွဲ၍ နောက်တစ်နေ့ (ဇူလိုင် ၁၈) တွင် ဟန်လင်းမြို့ဟောင်းဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားသည့် အနီးရှိ တဲတိုက်တစ်ခုတွင် သွေးစွန်းနေသည့် စစ်ကောင်စီတပ်၏ အသုံးအဆောင်ပစ္စည်းများ တွေ့ရကြောင်း Black Wolf Army အဖွဲ့ တာဝန်ခံက ပြောသည်။
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဟန်လင်းယဉ်ကျေးမှုနယ်မြေအတွင်း စစ်ကောင်စီတပ်က ယမန်နှစ် နှစ်ဆန်းကတည်းက ရောက်ရှိ တပ်စွဲနေပြီး ထိုနယ်မြေအတွင်းရှိ ဟန်လင်း၊ ရွာသာကြီး၊ လှတောရွာတို့တွင် ယခင်ကတည်းက အခြေချ တပ်စွဲကာ အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းလေ့ရှိသည်။
ပြည်သူ့စစ် ခေါ် ပျူစောထီး အားကောင်းသည့် ထိုဒေသတွင် အခြေချထားသော စစ်ကောင်စီတပ်ကို ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များကလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
ဇူလိုင် ၁၇၊ နံနက် ၅ နာရီခန့်က ထိုစခန်းကို စီးနင်းတိုက်ခိုက်စဉ် စစ်သား ၅ ဦး သေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် ၂၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည် မန္တလေးအခြေစိုက် Urban Guerrilla Force-MDY ၏ ဇူလိုင် ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်နက်ခဲယမ်း အခက်အခဲကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီလအတွင်းကလည်း ဝက်လက်မြို့မြောက်ဘက် ၁၃ မိုင်ခန့်အကွာရှိ လှတောရွာရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ်ပိုင်းအကြာတွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ရဟတ်ယာဉ် ရောက်လာကာ ပစ်ကူခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)