သတင်း

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အထူးအယူခံ ကြားနာ

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားသည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမှုများအတွက် အယူခံကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယမန်နေ့ (ဇူလိုင် ၁၈) တွင် ကြားနာသည်။

သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ နှင့် စွဲဆိုထားသည့် အမှု၊ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပါ ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မနှင့် သဘာဝဘေးဆိုင်ရာ ပုဒ်မများဖြင့် စွဲဆိုထားသည့် အမှုများအတွက် အယူခံကြားနာခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်များလည်းဖြစ်သည့် ထိုနိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ အမှုများနှင့် ပတ်သက်၍ အထူးအယူခံ လက်ခံရန် သင့်မသင့် တရားလွှတ်တော်ချုပ်အမိန့် ထွက်လာရန် သီတင်းနှစ်ပတ်မှ တစ်လအထိ ကြာနိုင်သည်ဟုလည်း သိရသည်။

“ဒါက အထူးအယူခံဝင်ခွင့်ပြုဖို့ လျှောက်လဲတာ၊ ဒီနေ့ လက်ခံသင့်မသင့် ကြားနာတာ အခြေအနေ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ချမှတ်ထားသည့် စီရင်ချက်ကို မကျေနပ်၍ အယူခံတက်ခဲ့သော်လည်း သက်ဆိုင်ရာ တရားရုံးများက အဆင့်ဆင့်ပယ်ချခဲ့သဖြင့် တရားလွှတ်တော်ချုပ်ထံ အထူးအယူခံတက်ခဲ့ခြင်းဖြစ်သည်၊ ထိုအယူခံကို လက်ခံပါက တရားသူကြီး ၂ ဦး သို့မဟုတ် ၅ ဦး ထိုင်ပြီး ဆုံးဖြတ်မည်ဟုလည်း အထက်ပါ နီးစပ်သူက ဆိုသည်။

“အထူးအယူခံက နောက်ဆုံးပဲ။ အဲအထက်မှာ စုံညီ နှစ်ပါးထိုင်၊ ငါးပါးထိုင်တို့ပဲ ရှိတယ်။ အထူးအယူခံ လက်မခံရင်တော့ စုံညီအထိ တက်ရောက်တဲ့အဆင့်ထိတော့ မသွားလောက်တော့ဘူး” ဟု ၎င်းက ရှင်းပြသည်။

ပုဒ်မပေါင်းများစွာဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် အရပ်သားအစိုးရခေါင်းဆောင်များ၏ အယူခံကြားနာခြင်းနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသော်လည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်သည်ဟု စုံစမ်းသိရှိရသည်။

ယခုလ ၅ ရက်နှင့် ၁၂ ရက်နေ့များကလည်း နိုင်ငံ့ခေါင်းဆောင် ၂ ဦးအပေါ် စွဲဆိုထားသည့် ရွေးကောက်ပွဲမသမာမှုဆိုင်ရာအမှု၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နှင့် အဂတိမှုများအတွက် ရာဇဝတ်ပြင်ဆင်မှုအယူခံကို တရားလွှတ်တော်ချုပ်က ကြားနာခဲ့သည်ဟု သိရသည်။​

စွဲဆိုခံထားရသည့် အမှုများအတွက် အထူးအယူခံတက်ရေးအတွက် သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခွင့်ရရန် ၎င်းတို့၏ ရှေ့နေအဖွဲ့က ဇန်နဝါရီလကတည်းက တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ တွေ့ခွင့်မရသေးပေ။

“စွပ်စွဲတရားခံနဲ့ ရှေ့နေက အမှုနဲ့ပတ်သက်ပြီး တွေ့ခွင့်က ဥပဒေပါ အခွင့်အရေးပဲ။ ဒါကို မပေးဘူးဆိုတော့ နစ်နာမှုရှိတယ်။ မျှတမှု မရှိဘူးပေါ့ဗျ” ဟု လုံခြုံရေးအရ နာမည်မဖော်လိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့ တွေ့ခွင့်မရသော်လည်း စစ်ကောင်စီက NLD ပါတီဝင်တချို့နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့နိုင်ရန် စီစဉ်ပေးခဲ့သည်။

နေပြည်တော်အချုပ်ထောင်တွင် ပိတ်လှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်သည့် ဆေးဝါး၊ အစားအသောက်ပစ္စည်းတချို့ကို ရဲတပ်ဖွဲ့ထံမှတစ်ဆင့် ပို့နေရသည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုပြီးနောက် ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ကာ နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အအုံတစ်ခုတွင် ထိန်းသိမ်းထားသည်။

အသက် ၇၁ နှစ်အရွယ် သမ္မတဦးဝင်မြင့်သည် အမှုပေါင်းရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရပြီးနောက် ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလ ၉ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button