
နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် အပူချိန် လွန်စွာ မြင့်တက်နေဆဲဖြစ်သည်။ ပဋိပက္ခဖြစ်နေမှု၊ ရေရှားပါးမှုတို့ကြောင့် စိုက်ပျိုးရေး ကောင်းမွန်စွာ မလုပ်နိုင်ခြင်းအပြင် စားနပ်ရိက္ခာရှားပါးမှုကိုပါ နောက်ဆက်တွဲ ကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၂၃ မေလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်တပ် အာဏာသိမ်းထားသည့် ၂ နှစ်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူပေါင်း ခန့်မှန်းခြေ ၁၈ သိန်း ရှိလာသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့ (UNHCR) ၏ ၂၀၂၃ မေလ ၁ ရက်နေ့ထုတ် အစီရင်ခံစာတွင် တွေ့ရသည်။
၂၀၂၁ ခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၁ သိန်း ၇ သောင်းကျော်ရှိကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Internal Displacement Monitoring Centre အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် ပတ်ဝန်းကျင်ပြောင်းလဲမှုအန္တရာယ် အမြင့်မားဆုံးဖြစ်ပြီး ရေရှားပါးမှုနှင့် စိုက်ပျိုးရေးကျဆင်းမှု ပြဿနာများလည်း ရှိနေသည်။
ဇွန် ၁ ရက်နေ့ မြန်မာမိုးလေဝသနှင့် ဇလဗေဒဌာန၏ တိုင်းထွာဖော်ပြချက်အရ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တွင် စံချိန်တင် အပူချိန် ၄၂ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ထိ ရှိရာ ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း အပူချိန် စံချိန်တင် ၄၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ရှိခဲ့သည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သစ်တောပြုန်းတီးမှု ဟက်တာ ၁၃၃၀၀ (ဧက ၃၂၈၆၅) ရှိပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် အများဆုံးဖြစ်ကြောင်း Global Forest Watch က ဖော်ပြထားသည်။ တရားမဝင်သစ်ခိုးခုတ်မှုများနှင့် ရွှေ၊ မြေရှား စသည့် သတ္တုတူးဖော်မှုများ အလွန်အကျွံများပြားလာခြင်းကြောင့်လည်း သစ်တောမြေပြုန်းတီးလာခြင်းဖြစ်သည်။
သစ်လုံး တန်ပေါင်း ၃ ထောင်ကျော်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး လက်ရှိအခြေအနေအတိုင်း သစ်ခိုးထုတ်မှု ဆက်လက်မြင့်တက်လျှင် ၂၀၃၅ ခုနှစ်တွင် မြန်မာ့သစ်တောများ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ပတ်ဝန်းကျင်စောင့်ကြည့်ရေးအေဂျင်စီ Environmental Investigation Agency က ထောက်ပြထားသည်။
မြန်မာ့သစ်လုပ်ငန်းသည် အာဏာသိမ်းတပ်အတွက် အဓိကဝင်ငွေလမ်းကြောင်း ဖြစ်လာသည့်အလျောက် အကျင့်ပျက်ခြစားမှုများရှိနေပြီး မြန်မာစစ်တပ်ကိုယ်တိုင်က ပါဝင်နေကြောင်း အေဂျင်စီ၏ ၂၀၂၃ မေ ၁၆ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရပ်သားအစိုးရလက်ထက် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်
အမျိုးသားဒီမိုကရေစီအစိုးရ (NLD) လက်ထက်တွင် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံကိန်းနှင့် အစီအစဉ်များ ရှိခဲ့ရာ နိုင်ငံတကာအေဂျင်စီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက နည်းပညာနှင့် ငွေကြေး ထောက်ပံပေးခဲ့သည်။ ၂၀၁၉ ခုနှစ် ရာသီဥတုပြောင်းလဲမှုကို ကြံကြံခံနိုင်မည့် လူမှုပတ်ဝန်းကျင် အကောင်အထည်ဖော်မှု ရှိခဲ့သည်၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျော့ချနိုင်မည့် မူဝါဒနှင့် မဟာဗျူဟာများကို ချမှတ်ခဲ့သည်။
အဆိုပါမူဝါဒတွင် ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေဖြစ်လာရေးအတွက် လူထုအခြေပြုလုပ်ဆောင်နိုင်မည့် အစီအစဉ်များ၊ သဘာဝသယံဇာတ (သစ်တော၊ ရေ၊ မြေနှင့် သတ္တုသယံဇာတ) ကို ကာကွယ်ရမည့်အချက်များ ပါဝင်သည်။သို့သော်လည်း အာဏာရှင်လက်ထက်တွင် ထိုမူဝါဒများကို အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ပေ။
NLD အစိုးရလက်ထက်တွင် သစ်ထုတ်လုပ်မှုနှင့် သစ်လုံးလိုက် တင်ပို့မှုများကို ရပ်တန့်ခဲ့သဖြင့် သစ်တောပြုန်းတီးမှုသည် အနည်းငယ်ကျဆင်းခဲ့သည်။
ကချင်ပြည်နယ် ဖားကန့်တွင် ကျောက်စိမ်း အကြီးအကျယ်တူးဖော်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြေပြိုမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် လူထုက ကန့်ကွက်သောကြောင့် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင် ချထားပေးမှုကို NLD အစိုးရက ရပ်တန့်ခဲ့သည်။
ပတ်ဝန်းကျင်ထိခိုက်မှု အဆိုးရွားဆုံး ဖြစ်လာသည့် အခြေအနေ
ယခုအခါ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွှေသတ္တု တူးဖော်မှု များပြားလာသလို အရေးယူနိုင်စွမ်းလည်း မရှိတော့ပေ။ ရွှေတူးဖော်မှုနှင့် မြေရှားတူးဖော်မှုလုပ်ငန်းများကို ဒေသခံတို့ကိုယ်တိုင် သွားရောက် တားဆီး ကန့်ကွက်နေရသည်။
မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သည့် ရပ်ရွာဒေသခံတို့ကိုပင် ပြည်သူ့စစ်များ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အသက်အန္တရာယ် ခြိမ်းခြောက်နေသည်။ ပတ်ဝန်းကျင်အရေး စောင့်ကြည့်နိုင်မည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းသမားများကို မြန်မာစစ်တပ်က ဖမ်းဆီးလာသည့်အတွက် ပတ်ဝန်းကျင်ထိခိုက်နိုင်သည့် စီမံကိန်းများမှာ လူမြင်ကွင်းတွင်ပင် လည်ပတ်နေသည်။
စစ်ကောင်စီသည် တိုင်းပြည်၏ သယံဇာတရင်းမြစ် ထုတ်ယူရောင်းချမှုကို ၎င်းတို့ အကျိုးအမြတ်အတွက် အားပေးနေပြီး ထိုလုပ်ရပ်ကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်၊ လူမှုရေးပြဿနာများကို လျစ်လျူရှုထားဆဲဖြစ်သည်။
ဥပဒေထုတ်ပြီး အကာအကွယ်ပေးထားသည့် သားငါးတိရစ္ဆာန်များကိုလည်း မြို့ပေါ်စျေးတွင် ပြောင်ပြောင်တင်းတင်း ရောင်းချလာကြသည်ဟု သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့်သူက ဆိုသည်။
“အခုဆိုရင် တားမြစ်ထားတဲ့ ငါးမန်း၊ လင်းပိုင်တွေကို ရခိုင်နဲ့ ဧရာဝတီတိုင်းဘက်ခြမ်းတွေမှာ ဖမ်းဆီးရောင်းချတာတွေရှိလာတယ်၊ အရင်လို အရေးယူတာတွေ မရှိတဲ့အတွက် ကျွန်တော်တို့က ပြည်သူအချင်းချင်း အသိပညာပေးပြီး ပြန်လွှတ်ပေးဖို့ ပြောဆိုရတာတွေ လုပ်နေရတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်နေ့တွင်မူ စစ်ကောင်စီက ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ခေါင်းစဉ်ဖြင့် အခမ်းအနားကြီးကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။
ပတ်ဝန်းကျင်အရေးစောင့်ကြည့်သည့် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးက ထိုပွဲသည် ဟန်ပြသာဖြစ်သည်ဟု ဆိုသည်။
“တရားမဝင်သစ်ခုတ်တာတွေ၊ သယံဇာတတူးတာတွေကြောင့် သစ်တော၊ မြေ၊ ရေနဲ့ လေ ညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်နေတာက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အဆိုးဝါးဆုံးအခြေအနေပါ။ ပြီးတော့ ဒီကိစ္စတွေ စစ်တပ်ကိုယ်တိုင် ပါဝင်နေတဲ့အတွက် ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအတွက် ချိုးဖောက်မှုတွေကို ဘယ်လိုမှ တားဆီးမရနိုင်ဘူး” ဟု သူက ဆိုသည်။
အာဏာသိမ်းပြီး ၂ နှစ်ကြာ ကာလအတွင်း ကချင်ပြည်နယ် မြစ်ဆုံ၊ တနိုင်းနှင့် ဝိုင်းမော်ဒေသတို့တွင် ရွှေတူးဖော်မှုများ အများပြားရှိလာသည့်အတွက် မြစ်ရေစီးကြောင်းပြောင်းလဲမှုများနှင့် မြစ်ရေအဆိပ်သင့်မှုပြဿနာရှိလာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
မြစ်ချောင်းစီးဆင်းမှု ပြောင်းလဲခြင်းများကြောင့် ရေကြီးရေလျှံခြင်း၊ အချို့ဒေသများတွင် မြစ်ချောင်းများ တိမ်ကောနိုင်ခြင်း စသည့် ပြဿနာကြီးများကို ရင်ဆိုင်ရမည့်အခြေအနေဖြစ်သည်။
အာဏာရှင်လက်အောက်တွင် တရားဥပဒေစိုးမိုးမှုမရှိတော့သည့်အတွက် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုများကို မြန်မာပြည်သူတို့ ခါးစည်းခံရဦးမည် ဖြစ်သည်၊ ပြုပြင်ပြောင်းလဲရေး ဝိုင်းဝန်းလုပ်ဆောင်နိုင်ရေးမှာ နိုင်ငံတွင် လူထုအစိုးရ ပေါ်ပေါက်လာချိန်မှသာ ဖြစ်နိုင်ပေမည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)