မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် တိုက်ပိတ် ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို နေရာရွှေ့လိုက်သည် ဆိုသော်လည်း မည်သည့်ထောင်သို့ ပြောင်းရွှေ့သည်ကို မိသားစုဝင်များက သတင်းမရသေးကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်ထံမှ သိရသည်။
ဇွန် ၃၀ ညသန်းခေါင်အချိန်တွင် မြင်းခြံထောင်မှ ကိုကျော်ဇင်ဦး၊ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဥက္ကာ၊ ကိုဇော်ဇော်အောင်၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုရဲမင်းသွေး၊ ကိုအောင်မျိုးသန့်၊ ကိုကျော်စိုးလွင်၊ ကိုဇော်ရဲထက်၊ ကိုထက်ဦးမာန်တို့ကို ခေါ်ထုတ်သွားခြင်း ဖြစ်သည်။
အများစုမှာ အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူများ ဖြစ်ပြီး ၎င်းတို့ကို သရက်ထောင် သို့မဟုတ် မကွေးထောင်သို့ ပြောင်းရွှေ့လိုက်ဖွယ်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) က ယူဆသည်။
နိုင်ငံရေးမှုဖြင့် ထောင်ကျနေသူတို့ကို ကူညီပေးနေသည့် ထိုအဖွဲ့က အကျဉ်းသားများ လိုအပ်သည့် ပြင်ပအစားအစာ ပေးပို့နိုင်ရန် ဆောင်ရွက်နေပြီး ထောင်တွင်းအခြေအနေတချို့ကို ၎င်းတို့၏ အဆက်အသွယ်များထံမှ သိရခြင်းဖြစ်သည်။
ထောင်ပြောင်းခံရသည်ဆိုသော နိုင်ကျဉ်း ၁၃ ဦး၏ မိသားစုဝင်များအနက် တစ်ဦးက ထောင်ဝင်စာ ပို့ခွင့် ပိတ်ပင်ခံခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။
“တိုက်ပိတ်ထားတယ်လို့ ပြောကတည်းက ထပ်မသွားဖြစ်သေးဘူး။ ထောင်ဝင်စာကလည်း ပို့ခွင့်မရတော့ ကျွန်တော်တို့က ဘာမှမသိရတော့ဘူး။ မိသားစုကိုလည်း ထောင်ပြောင်းတယ်လို့ အကြောင်းကြားတာ မရှိဘူး။ အရမ်းစိတ်ပူပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုမိသားစုဝင်က ဆိုသည်။
မေ ၂၁ တွင် မြင်းခြံထောင်မှ နိုင်ကျဉ်း ၇၀ ကျော်ကို ပြင်ပသို့ ဆက်သွယ်သည်၊ ဖုန်းသုံးသည် ဟူသော စွပ်စွဲချက်များဖြင့် ထောင်အာဏာပိုင်များက ရိုက်နှက်စစ်ဆေးခဲ့ပြီး ထိုအထဲမှ ၁၄ ဦးကို မြင်းခြံမြို့ အမှတ် (၁၅) ခြေမြန်တပ်ရင်း စစ်ကြောရေးစခန်းသို့ နှစ်သုတ်ခွဲကာ ညအချိန် ခေါ်ထုတ်သွားသည်။
မေ ၂၉ တွင် ၁၃ ဦး ထောင်သို့ ပြန်ရောက်လာသော်လည်း ကိုတိုးဝေအောင် ဆိုသူမှာ ဇူလိုင် ၂ ရက်အထိ ထောင်သို့ ပြန်လည်မရောက်လာသေးဟု PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
ထောင်သို့ ဒဏ်ရာများနှင့် ပြန်ရောက်လာသော နိုင်ကျဉ်းများကို ဆေးကုသခွင့်မပေးသလို ထောင်ဝင်စာပစ္စည်း လက်ခံခွင့်၊ ဈေးဘားဟု ခေါ်ကြသော ဈေးဆိုင်များမှ ဝယ်ယူခွင့်လည်း မရကြဘဲ တိုက်ပိတ်ခံခဲ့ရသည်ဟု သိရသည်။
ထို ၁၃ ဦးထဲမှ တစ်ဦး၏ အစ်ကိုဖြစ်သူက ညီဖြစ်သူ ထောင်ပြောင်းခံရသည်ဟုသာ ကြားသိရကြောင်း၊ အဆက်အသွယ်ပြတ်တောက်နေကြောင်း ပြောသည်။
ရန်ကုန် အင်းစိန်ထောင်တွင်လည်း ဒဏ်ရာရထားသော နိုင်ကျဉ်းတချို့ ရောက်လာသည်ဟု သိရကြောင်း၊ မြင်းခြံထောင်မှ ဖြစ်နိုင်ကြောင်း PPN တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“(အင်းစိန်) ထောင်ထဲကို ထောင်ပြောင်းတွေ ရောက်လာတယ်။ ထောင်ဖောက်ရန် ကြံစည်မှုဆိုပြီး အတင်းကိုမှ ညှဉ်းပန်းနှိပ်စက်နေတယ်။ လူဦးရေ ၁၀ ယောက်ကနေ ၂၀ ဝန်းကျင်လောက် ရှိတယ်၊ သူတို့က အနည်းအကျဉ်းပဲ မြင်ရတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို အကြောင်းကြားလာတယ်” ဟု ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ ၎င်းက ပြောသည်။
ထိုသူများမှာ အဆိုပါ ၁၃ ဦး ဟုတ်မဟုတ် မသိရသေးသလို ထိုသူများ၏ အမည်နှင့် အချက်အလက်များကိုလည်း မသိရသေးပေ။
စစ်ကောင်စီသည် ကိုဗစ်နိုင်တင်းရောဂါ အကြောင်းပြကာ နိုင်ကျဉ်းများနှင့် မိသားစု၊ ရှေ့နေတို့နှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးမှန်သမျှကို ပိတ်ဆို့ထားသလို အကျဉ်းထောင်တွင်းအခြေအနေကိုလည်း သတင်းအမှောင်ချထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအနှံ့ အမည်ဆိုးဖြင့် ကျော်ကြားလာသည့် အကျဉ်းထောင်များထဲတွင် မြင်းခြံထောင်လည်း အပါအဝင်ဖြစ်သည်။
၂၀၂၂ ဇူလိုင်လအတွင်းက မန္တလေး အိုးဘိုထောင်၊ စစ်ကိုင်း မုံရွာထောင်တို့မှ ပြောင်းရွှေ့ခံရသည့် နိုင်ကျဉ်းတချို့ မြင်းခြထောင်သို့ ရောက်ချိန်တွင် ရိုက်နှက်ခံရသည်။
ထိုစဉ်က မုံရွာထောင်မှ ရောက်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ကျဉ်း ၁၀၀ ခန့် ပါဝင်သည်။
မြင်းခြံထောင်တွင် အကျဉ်းသား ၃၀၀၀ ဝန်းကျင် ဝင်ဆံ့ပြီး၊ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၉၈၀ ဝန်းကျင် ရှိသည်။
မြင်းခြံထောင်အတွင်း ဖိနှိပ်မှုအခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ထံ တင်ပြသွားရန် PPN က စီစဉ်နေသည်ဟု ဆိုသည်။
စစ်တပ် အာဏာမသိမ်းခင် ၂၀၁၆ နှင့် ၂၀၁၉ ခုနှစ်တို့တွင် မြင်းခြံထောင်တွင်းဖိနှိပ်မှုများကြောင့် ထောင်ဆူပူမှုများ ဖြစ်ပေါ်ခဲ့သေးသည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ထံ ပထမဆုံး သွားရောက် တွေ့ဆုံသည့် နိုင်ငံတကာအဖွဲ့မှာ ICRC ဖြစ်သည်။
ဇွန်လတွင် ICRC ဥက္ကဋ္ဌကို ထိုသို့တွေ့ဆုံခြင်း ဖြစ်ရာ အလုံးအရင်း ဖမ်းဆီးခံရသူတို့ကို ချုပ်နှောင်ထားရာ အကျဉ်းထောင်များသို့ ICRC ကိုယ်စားလှယ်များ ဝင်ရောက်ခွင့်အတွက် မျှော်လင့်ခဲ့ကြသည်။
ထိုနှစ် ဇူလိုင် ၂၄ တွင် ICRC က သတင်းထုတ်ပြန်ရာ အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင်များကို လူသားချင်းစာနာမှုလုပ်ငန်းအတွက် ဝင်ရောက်ခွင့်ရရန်၊ ယခင်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် ထောင်တာဝန်ရှိသူများနှင့် ဆက်လက် ဆွေးနွေးနေပါသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝင်ရောက်ခွင့်နှင့် ပတ်သက်ပြီး ဖြစ်ထွန်းတိုးတက်မှုသတင်း ထွက်ပေါ်မလာသေးပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)